မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

အန်ကယ်နိုင်အတွက် လက်ဆောင် (၀ိပဿနာ - မသက်သက်လွင်)


ဒီနေ့ မချစ်ကြည်အေး ဆီမှာ တင်ထားတဲ့ ပို့စ်မှာ အသည်းခြောက်တယ်လို့ ပြောထားတဲ့ အန်ကယ်နိုင် တယောက် အသည်းကင်ဆာ ဖြစ်နေပြီဆိုတာ သိလိုက်ရတဲ့အချိန်မှာ ကျွန်မဟာ လုံးဝဆွံ့အ နားမကြားသလို ခံစားလိုက်ရပြီး ဘာပြောလို့ ပြောရမှန်း ဘယ်လိုမှတ်ချက်ပေးလို့ ပေးရမှန်း မသိဘဲ ပြန်လာခဲ့ရပါတယ်။ စာပေါ့ပေါ့တွေကို သိပ်မဖတ်တတ်တဲ့ ကျွန်မက အန်ကယ်နိုင်လို့ ကျွန်မ တင်စားခေါ်ဝေါ်တဲ့ ဘလော့ဂါ ရွှေရတုမှတ်တမ်း၊ အများအခေါ် ကိုကြီးကျောက်ရဲ့ အပြောင်အရွှတ်တွေနဲ့ ရေးတဲ့စာကိုတော့ ရီရလွန်းလို့ နှစ်နှစ်ခြိုက်ခြိုက်ကို ဖတ်ဖြစ်ပါတယ်။ သူ့ပို့စ်တွမှာ ငယ်ငယ်က ရည်းစားများတဲ့ အကြောင်းတွေ ဖတ်ရရင်လည်း ရည်းစားများတတ်တဲ့ အိမ်က ချစ်သောအစ်ကိုတွေ မောင်တွေလို သဘောထားပြီး သဘောမကျ ဖြစ်ကာ ဂရုဏာဒေါသောနဲ့ အပြစ်တင်တဲ့ မှတ်ချက်တွေကို ပေးခဲ့ဖူးပါတယ်။

ပျော်ပျော်နေတတ်တဲ့ အန်ကယ်နိုင်အခြေအနေကို အခုလို ရုတ်တရက် မထင်မှတ်ဘဲ သိလိုက်ရတော့ ဘာပြောလို့ ပြောရမှန်း မသိခဲ့ဘူး။ ကျွန်မတို့နဲ့ အတူတူ ABSDF မှာ တုန်းက တပ်ရင်းတရင်းတည်းမှာ အတူတိုက်ပွဲဝင်လာခဲ့သူ ကိုနိုင်ခေါ် လုပ်ဖေါ်ကိုင်ဖက်တဦးလည်း အန်ကယ်နိုင်လိုပဲ အသည်းကင်ဆာ ဖြစ်တယ်လို့ တလောက ကြားသိခဲ့ရလို့ အသည်းကင်ဆာ ပို့စ်ကို ကိုနိုင်အတွက် ရည်စူးပြီး ကျွန်မ ရေးဖြစ်ပါတယ်။ အခုတော့ အန်ကယ်နိုင်အတွက် ဘာအကူအညီပေးရမလဲလို့ စဉ်းစားလိုက်တော့ ကျွန်မမှာ ဘလော့ဂ်မရှိခင်က ကိုဂင်ကြီးကို ကျွန်မ စာရိုက်ပြီး ပေးခဲ့ဖူးတဲ့ ဒီပို့စ်လေးကို သတိရလိုက်ပါတယ်။ ကိုနိုင်နဲ့ အန်ကယ်နိုင် နှစ်ယောက်စလုံးအတွက် လက်ဆောင်အဖြစ် ကျွန်မ ပြန်ဖေါ်ပြလိုက်ပါတယ်။ ဒါပေမဲ့ ဒီစာကို ရေးခဲ့တဲ့ မသက်သက်လွင် ခေါ် မသက်ကတော့ သူ့စာကို ဗုဒ္ဓဘာသာဝင်တိုင်းကို ဖြန့်ဝေပေးပါလို့ ကျွန်မကို မှာခဲ့တဲ့အတွက် စာရေးသူရဲ့ အလိုဆန္ဒအရ ဗုဒ္ဓဘာသာဝင် အားလုံးအတွက်လည်း ဖြစ်ပါတယ်။


မသက်ရဲ့ စာစုကို ကုသိုလ်အဖြစ် ဖြန့်ဝေပေးသူ၏ အမှာစကား

ဟန္ဒ ဒါနိဘိက္ခဝေ၊ အာမန္တယာမိဝေါ၊
သယဓမ္မာသင်္ခါရာ၊ အပ္ပမာဒေန သမ္ပာဒေထ။
ရုပ်နာမ်ဓမ္မ၊ ခန္ဓာငါးပါးတည်းဟူသော ပြုပြင်၍ပေါ်ပေါက်လာရသော သင်္ခါရ တရားတို့သည် ကုန်ခြင်း၊ ဆုံးခြင်း၊ ပျက်ပြုန်းခြင်းသာ ရှိကြ၏။ မမေ့မလျော့ မပေါ့သောသတိဖြင့် နှလုံးသွင်းဆင်ခြင်ကြကုန်။

နညတြဗောဇ္ဈာတပသာ၊ နညတြိန္ဒြိယသံဝရာ
နညတြ သဗ္ဓနိဿဂ္ဂါ၊ သောတနတ္ထိပဿဓိ ပါဏိနံ၊
ဝိပဿနာ အလုပ်တည်းဟူသော မဂ္ဂင်အကျင့်၊ ဗောဇ္ဈင် အကျင့်ကို ကြဉ်ထား၍ လည်းကောင်း၊ အိနြေ္ဒစောင့်ရှောက်ခြင်းတည်းဟူသော သီလအလုပ်ကို ကြဉ်ထား၍လည်းကောင်း၊ ကိလေသာတို့၏ ကုန်ရာ နိဗ္ဗန်ကို ကြဉ်ထား၍လည်းကောင်း သတ္တ၀ါတို့အား ချမ်းသာခြင်းကို ငါဘုရားမမြင်ချေ၊
ဗုဒ္ဓမြတ်စွာ ဘုရားရှင်

ဤစာစုသည် ၀ိပဿနာတရား ရှုမှတ်နည်း အကြောင်း ရေးသားထားခြင်း မဟုတ်ပါ။ ၀ိပဿနာ ဘာဝနာ အကျင့်မြတ်သည် ဗုဒ္ဓမြတ်စွာဘုရား၏ သာသနာတော်တွင် အဓိကကျသော အားကိုးအားထားရာ၊ မြတ်စွာဘုရား အချီးမွမ်းဆုံးသောအလုပ်၊ တရားစစ် တရားမှန်ဖြစ်ကြောင်းကို မိမိသိမြင်သကဲ့သို့ လူအများသိစေလိုသော ကွယ်လွန်သူ၏ စေတနာဆန္ဒ၊ ကိုယ်တွေ့ဗုဒ္ဓ၀ါဒ အနှစ်သာရကို ဝေငှလိုသော မွန်မြတ်သော ရည်ရွယ်ချက်က ပဓာန ဖြစ်ပါသည်။

္ကဤစာစုကို မသက်သက်လွင် ကိုယ်တိုင် ရေးသားထားခြင်း ဖြစ်ပါသည်။ အစာအိမ်ကင်ဆာ ရောဂါက သူမ၏ဘ၀ကို အဆုံးမသတ်မီတွင် ကိုးစားအားထားစရာ အစစ်အမှန်မှာ ဘုရား၊ တရား၊ သံဃာတည်းဟူသော ရတနာသုံးပါးသာလျှင် ဖြစ်ပါကြောင်း ဂဃနဏ သိရှိခဲ့ပြီး မိရိုးဖလာ ဗုဒ္ဓဘာသာဝင် အဖြစ်မှ တဆင့်သာလွန်ကာ သာရဏာဂုံတည်သူအဖြစ် ရောက်ရှိလာခဲ့ပါသည်။ ဗုဒ္ဓဘုရားရှင် ကိုယ်တော်မြတ်ကြီး၏ အယူဝါဒဖြစ်တော်မူသည့် ခန္ဓာဟူက ဖြစ်ခြင်းနှင့် ပျက်ခြင်းသဘောသာလျှင် ရှိသည်ဟူ၍ သိမှတ်ရှုကြည့်သော ဗုဒ္ဓသာသနာတော်၏ ပဓါနအလုပ် " ၀ိပဿနာ ဘ၀နာအကျင့်မြတ်" မိမိကိုယ်တိုင်လည်း ကျန်ရှိသော အခိုက်အတံ့လေးတွင် ကြိုးစားအားထုတ်လျက် သူမအသက်နှင့်ရင်း၍ ရရှိခဲ့သော ဗုဒ္ဓဘာသာဝင် ဖြစ်ရခြင်း၏ အနှစ်သာရ "တရားစစ်တရားမှန်" အသိကို ဝေနေယျအပေါင်းတို့အားလည်း အသေမဦးမီ ဥာဏ်ဦးစေလိုသော စေတနာ၊ မေတ္တာ၊ ဂရုဏာတို့ဖြင့် ဓမ္မဓါန ပြုလိုသောကြောင့် ရေးသားခဲ့ခြင်း ဖြစ်ပါသည်။

သူမ၏အာသီသနှင့် ဓမ္မဓါနကို အထမြောက်စေခြင်းငှာလည်းကောင်း၊ ဤစာစုကို ဖတ်ရှုရသူသည် အကယ်၍ သာမန် ဗုဒ္ဓဘာသာဝင်တဦးဆိုပါက သုဒ္ဓသာသဏဂုံ ဆောက်တည်လိုသူ ဖြစ်ပါလျှင်၊ ဘ၀နာ အားထုတ်ဆဲ ပုဂ္ဂိုလ် ဖြစ်ပါက မိမိသတိပဋ္ဌာန်၌ သတိ၊ သမာဓိ၊ သဒ္ဒါ၊ ပညာ၊ ၀ိရိယတို့ ပိုမိုတိုးတက်လာပါလျှင် နှစ်ဦးနှစ်ဘက် အလွန့်အလွန် ထူးကဲမြင့်မြတ်သော အကျိုးကျေးဇူး များပြားမည်ကို ရည်ရွယ်၍ ဖြူစင်သော စေတနာဖြင့် ဖြန့်ဝေပါသည်။

မိမိတို့ ပြုနိုင်သော ကုသိုလ်အဖို့ ဘာဝကို သူမအတွက် မျှဝေနိုင်ကြပါစေ။

(ဒါက မသက်ရေးတဲ့စာကို စာအုပ်အသေးလေးချုပ်ပြီး အလှူဓါနအဖြစ် ဖြန့်ဝေဖို့ ကုန်ကျခံခဲ့သူ ၆ လနဲ့ တနှစ်ကြားအထိပဲ အသက်ဆက်ရှင်နိုင်တော့တယ်လို့ ဆေးရုံက သတ်မှတ်ပေးထားခြင်း ခံခဲ့ရပြီး အဲဒီအချိန်က ငါးနှစ်အထိ အသက်ဆက်ရှင်နေသေးတဲ့ ကင်ဆာရောဂါဝေဒနာရှင် အစ်ကိုတယောက်က စာအုပ်အရှေ့မှာ နိဒါန်းရေးတဲ့ မိတ်ဆက်ဖြစ်တယ်။)


အထက်ပါ အမှာစကားများကို မသက်သက်လွင်၏ အသုဘအခမ်းအနားတွင် ဆစ်ဒနီမြို့ရှိ ကျန်ရစ်သူ မကဒတ ရဲဘော်ဟောင်းများနှင့် သူမ၏ တခြားမိတ်ဆွေများက သူမမှာကြားခဲ့သော ၀ိပဿနာ အကြောင်းကို သူမ၏ကုသိုလ်အဖြစ် စာအုပ်ငယ်လေးအဖြစ် ထုတ်ဝေလှူဒါန်းပေးရာ၌ စာအုပ်အဖုံးတွင် အမှာစာအဖြစ် ရေးခဲ့ခြင်းဖြစ်ပါသည်။

မသက်သက်လွင်သည် ABSDF တပ်ရင်း (၆၀၁) မှ တပ်ဖွဲ့ဝင် ရဲမေတဦးဖြစ်ပြီး ABSDF ဒုတိယအကြိမ် ညီလာခံ၌ ပထမဦးဆုံး အမျိုးသမီး ဗဟိုကော်မီတီဝင်အဖြစ် အရွေးချယ်ခံခဲ့သည့် မကဒတအမျိုးသမီး တပ်ဖွဲ့ဝင် ဖြစ်သည်။ သူမသည် ပြည်တွင်း၊ နယ်စပ်၊ ပြည်ပ စသည့် နေရာများအားလုံးတွင် မကဒတ၏ တာဝန်ကို ကျယ်ပြန့်စွာ အမျိုးသားများတပ်ဖွဲ့ဝင်များနှင့် ရင်ဘောင်တန်းပြီး ထမ်းဆောင်ခဲ့သူတဦး ဖြစ်ပါသည်။ ၂၀၀၁ ခုနှစ်တွင် သြစတြေးလျားနိုင်ငံ ဆစ်ဒနီမြို့သို့ ရောက်ရှိပြီး ၂၀၀၃ ခု ဧပြီလ ၇ ရက်နေ့ နံနက် ၁၀ နာရီ မိနှစ် ၅၀ ၌ ဆစ်ဒနီမြို့ရှိ St. Joseph’s Hospital, Auburn တွင် အစာအိမ် ကင်ဆာရောဂါဖြင့် ဘ၀တပါးသို့ ကူးပြောင်းခဲ့ပါသည်။ အောက်ပါစာစုသည် ဗုဒ္ဓဘာသာဝင်များအတွက် သူမ၏ အမှာစာဖြစ်ပါသည်။ (ကျွန်မ ကိုဂင်ကြီးကို ပေးလိုက်တုန်းက ရေးပေးတဲ့ မသက်အကြောင်း မိတ်ဆက်ဖြစ်တယ်။ Nge Naing)


ဝိပဿနာ (မသက်သက်လွင်)

၂၀၀၁ ဒီဇင်ဘာကုန်တုန်းက အစာအိမ်ထဲမှာ ကင်ဆာဖြစ်နေပြီဆိုလို့ အစာအိမ်ရဲ့ လေးပုံသုံးပုံကို သြစတြေးလျားနိုင်ငံ ဆစ်ဒနီမြို့ ၀က်(စ်)မိ ဆေးရုံမှာ ဖြတ်တောက်ခဲ့တယ်။ ဆေးရုံမှာ ကိုးရက်လောက်နေပြီးတော့ ချုပ်ရာတွေ ကျက်တာနဲ့ ပြန်ဆင်းခဲ့ရတယ်။ အိမ်ပြန်ရောက်တဲ့အခါမှာ လူက နားနေဖို့ အချိန်ကို သတိမရပဲ အင်တာနက်တွေမှာ အစာအိမ်ကင်ဆာနဲ့ ပတ်သက်တဲ့ သတင်းတွေ လျှောက်ရှာဖတ် ဖြစ်ခဲ့တယ်။ ကိုယ့်လို အခြေအနေမျိုး ကုလို့မရတဲ့ အခြေအနေနဲ့ သုံးလေးနှစ်လောက် ခံတယ်ဆိုတဲ့ သတင်းတွေ ပိုပြီးများများ ဖတ်ခဲ့ရတယ်။ ဖတ်သွားလေ ကြောက်တာတွေ ပိုတိုးလာလေ ဖြစ်ဖြစ်လာပြီးတော့ လူဟာ တော်တော်ဆောက်တည်ရာမရ ဖြစ်နေခဲ့တယ်။ ကလေးတွေအဖေက ဒါကို နားလည်ခဲ့ပုံ မရဘူး။ ဆေးရုံမတက်ခင်မှာ ရန်ဖြစ်ပြီး ဆေးရုံတက်ခဲ့တယ်။ ဆေးရုံဆင်းတော့လည်း စကားမပြောဖြစ်ကြဘူး။ အိမ်မှာ ဒီလိုပဲ ကတောက်ကဆ ဖြစ်နေတာ အမြဲတမ်းပါပဲ။ ဒီတော့ ထုံးစံအတိုင်း တယောက်ထဲပဲ စီမံကိန်းတွေဆွဲ တယောက်ထဲပဲ ရင်ဆိုင်ရင်းနဲ့ ၂၀၀၂ ခုနှစ်မေလထဲမှာ ကင်ဆာအတွက် ဓါတ်ကင်ကုတာတွေ၊ ဆေးထိုးတာတွေ ဆက်လုပ်ခဲ့တယ်။ ဒီလိုနေလာရင်းနဲ့ တက္ကသိုလ်မှာ မြို့ပြအင်ဂျင်နီယာဘွဲ့ ဆက်တက်နိုင်အောင်လည်း လိုအပ်တဲ့ သင်တန်းတိုတွေ ပြေးတက်နေခဲ့တယ်။

ပိုပြီးဖြတ်သန်းလာလေ ကင်ဆာရောဂါရဲ့ မရေရာမှုတွေကို ပိုပြီးနားလည်လာလေလေ ဖြစ်ရင်းနဲ့ စိတ်ဓါတ်ကျတဲ့အခါတွေ ဖြစ်တဲ့အအကြိမ်လည်း အများကြီး ဖြစ်လာခဲ့တယ်။ စာအုပ်တွေ အများစုမှာလည်း ကင်ဆာသမားတွေအတွက် တရားထိုင်တာ အင်မတန်ကောင်းတယ်လို့ ရေးသားထားကြတာ ပါပေမယ့် တရားထိုင်ဖို့ ကိစ္စကို စိတ်ကူးနြ့တောင် မလုပ်နိုင်ခဲ့ဘူး။ ဗမာပြည်က အစ်အကြီးဆုံးနဲ့ ဆက်သွယ်ပြီး ဗမာဆေးတချို့ကို ၀ယ်စားတာလောက်ပဲ လုပ်ဖြစ်တယ်။ အဓိက ဗမာပြည်က အစ်မကြီးကို တိုင်ပင် စီမံကိန်းချ ဖြစ်တာကတော့ ကင်ဆာရောဂါ ကုလို့ မရနိုင်တဲ့အကြောင်း၊ စောစောစီးစီး သေသွားမယ်ဆိုရင် သမီးတွေကို အစ်မကြီးနဲ့ ပြန်ထားမယ် ဆိုတဲ့အကြောင်းတွေ ဆွေးနွေးဖြစ်ရင်း ဗမာပြည်မှာ အိမ်ကလေးတလုံး ကြိုဆောက်ထားဖို့ ဆွေးနွေးဖြစ်ခဲ့တယ်။ အစ်မကြီး သဘောတူပါတယ်။ ဒါပေမယ့် သူက ကလေးတွေကို ကျန်းမာရေး၊ ပညာရေး ပိုစိတ်ချလုံခြုံရတဲ့ သြစတြေးလျားမှာပဲ ကြီးပြင်းစေချင်တယ်။

ကိုယ်ကလည်း လက်ခံပါတယ်။ ဒါပေမယ့် ကလေးတွေ ဗမာဇာတိပျောက်သွားမယ့် အခြေအနေကို သိပ်စိုးရိမ်မိတယ်။ တခါတလေကျတော့လည်း ကိုယ့်စဉ်းစားချက်တွေေ၀၀ါးလို့ နေသလိုပါပဲ။ တိုင်ပင်ရမည့်သူကလည်း မရှိ၊ အတွင်းကျကျ ထုတ်ပြောရမည့် သူကလည်းမရှိဘူးလို့ စိတ်ထဲမှာ အမြဲလို ဖြစ်နေတော့ ဒီနောက်ပိုင်းမှာ ကိုယ့်ရဲ့ အထီးကျန် ခံစားချက်တွေ ပိုပြီးဆိုးရွားလာနေသလိုပါပဲ။ နိုဝင်ဘာလကျတော့ ကိုယ့်ရောဂါ အခြေအနေကြောင့် ရထားတဲ့ အစိုးရ ပင်စင်စား အိမ်ရာလေးတခုမှာ ရွှေ့ဖြစ်ကြတယ်။ အဆိုးထဲက အကောင်းထွက်တယ်လို့ ပြောရမှာပဲလေ၊ ရတဲ့အိမ်လေးက အိပ်ခန်း သုံးခန်းနဲ့ ရပ်ကွက်သန့်သန့်တခုမှာ ဆိတ်ငြိမ်တဲ့ အိမ်လေးကို ရခဲ့တယ်။ ကလေးတွေ ကျောင်းအတွက်လည်း အဆင်ပြေတယ်။

အိမ်ပြောင်းလာတဲ့ အချိန်ကစပြီးတော့ လူက နေရထိုင်ရတာ အဆင်မပြေတော့ဘူး။ အစာစားပြီးရင်လည်း အန်တယ်၊ လူက၀မ်းလည်းချုပ်တယ်။ အဲဒါနဲ့ ဆရာဝန်နဲ့ ချိန်းထားတဲ့ရက်လည်း နီးပြီမို့ ပေပြီးစောင့်နေလိုက်တယ်။ တကယ်တမ်း ဆရာဝန်နဲ့ သွားတွေ့တဲ့ ရက်မှာ ကင်ဆာ ပြန်ဖြစ်လာနေတဲ့ လက္ခဏာ ပေါ်လာနေတယ်လို့ သိလိုက်ရတယ်။ ဆေးရုံက အူလမ်းကြောင်း ပြန်ချဲ့ပေးတဲ့နည်းနဲ့ ကုသဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ဘူး။ အစာအိမ်ကို ဒုတိယအကြိမ် ထပ်ခွဲရပြန်တယ်။ လူဟာ အရင်တုန်းကထက် အဆပေါင်းများစွာ ဆောက်တည်ရာမရ တုန်လှုပ်ခြောက်ခြားမှုတွေ ဖြစ်လာခဲ့ရတယ်။ ခွဲစိတ်ပြီးတဲ့အချိန် ကြားရတဲ့ သတင်းကတော့ ကမ္ဘာပျက်တဲ့ အလားပါပဲ ကင်ဆာ ခွဲထုတ်လို့ မရတော့ဘူး၊ နောက်သုံးလလောက်ပဲ အသက်ဆက်ရှင်နိုင်တော့မယ်။

ပထမဆုံး သတိရလိုက်တာကတော့ ဘုရားရှင် ကိုယ်တော်မြတ်ကြီးပါပဲ။ ဘုရား၊ ဘုရာ၊ ဘုရားလို့ နှုတ်က တမိလိုက်တယ်။ သမီးတွေကို ဘယ်လိုလုပ် ထားခဲ့ရမလဲ၊ ဗမာပြည်ပြန်ပို့ဖို့ အချိန်မီပါ့မလား၊ ဘယ်သူက ပြန်ပို့ပေးမှာလဲ၊ ဘယ်လိုလုပ် ပို့မှာလဲ ပိုက်ဆံလည်းမရှိဘူး အဲဒီလို ပူနေရင်းက ရှမ်းလေးဆိုတဲ့ မိတ်ဆွေတယောက် ဆေးရုံကိုလာလည်တယ်။ သူက ဒီလိုပဲ ဆေးရုံက ခြောက်လပဲလို့ လက်လျှော့လိုက်တဲ့ ရောဂါရှင်တယောက် ခြောက်နှစ်လောက်တောင် နေသွားဖူးတယ်၊ အဲဒီလိုပဲ လေးလပဲခံမယ်ဆိုတဲ့ အဖွားကြီးတယောက် အခုထက်ထိ ရှိနေတယ် ဆိုတဲ့ အားပေးစကားတွေ လာပြောတော့ ရင်ထဲမှာ မျှော်လင့်ချက်လေးတခု ပြန်မြင်လာသလိုပဲ။ ကိုရှမ်းလေးက ထပ်ပြောပြတယ် အဲဒီလူတွေ အားလုံးက (Meditation) တရားထိုင်တာတွေ လုပ်ကြတယ်တဲ့။

ဒီလိုနဲ့ ဆေးရုံက နှစ်ပတ်ကြာပြီး အိမ်ပြန်ရောက်တော့ မိတ်ဆွေတွေလည်း ၀ိုင်းအုံရောက်လာပြီးတော့ ၀ိပဿနာအလုပ်နဲ့ဆိုင်တဲ့ တရားခွေတွေ၊ စာအုပ်တွေ ပေးဖတ်တယ်၊ လူငယ်ဘ၀တုန်းက ဗုဒ္ဓဘာသာရဲ့ အဆီအနှစ်တွေ လေ့လာတယ်၊ ဖတ်ရှုလက်ခံခဲ့တယ်။ သိပ်နှစ်သက်သဘောကျပြီးတော့ ကိုယ့်ကိုယ်ကို လက်တွေ့ကျတဲ့ ဗုဒ္ဓဘာသာဝင်တဦး ဖြစ်ရခြင်းကို ကံကောင်းတယ်လို့ အမြဲယုံကြည်ကျေနပ်ခဲ့သူ တယောက် ဖြစ်တယ်။ ၀ိပဿနာ အလုပ်ကို ရေရေရာရာ မလုပ်ဖြစ်ခဲ့ဘူး။အခုတော့ လုပ်ဖို့ကြိုးစားပါတယ်။ နောက်ကျတယ်၊ စောတယ်ဆိုတာ မရှိပေမယ့် ထင်သလောက်တော့ ခရီးမပေါက်ခဲ့ပါဘူး။ အိမ်မှာ ပူပင်ရတဲ့ ကိစ္စတွေ အများကြီး ရှိနေသေးတယ်။ သားမီး သံယောဇဉ်၊ မိသားစု သံယောဇဉ်တွေ တိကနဲ ဖြတ်ချလိုက်လို့ ရလောက်အောင်လည်း ပါရမီအခံ ရှိခဲ့သူ မဟုတ်ပြန်ဘူး။

ဆေးရုံပြန်ဆင်းလာပြီ ဆိုပေမယ့် အစာစားတဲ့ကိစ္စက ပုံမှန်ပြန်ဖြစ်နိုင်မယ့်ဟာ မဟုတ်ဘူး။ ဒီကြားထဲမှာ ဗမာဆေးသောက်၊ ကချင်ဆေးသောက်၊ တရုတ်ဆေးသောက်နဲ့ ယုံကြည်ရာ ဆေးတွေ ဆက်သောက်နေ ဖြစ်ခဲ့တယ်။ မျှော်လင့်ချက် အမြင့်ကြီးကတော့ သိပ်မထားတော့ပါဘူး။ ဒါပေမယ့် ဒီဘ၀ သက်တမ်းလေးမှာ ဆန့်နိုင်သလောက် ဆန့်ပြီး သွားနိုင်စရာ အကြောင်းတရားတွေနဲ့ ဆက်ပြီးရှာဖွေနေတုန်းပါပဲ။ ဒီလိုနဲ့ ၂၀၀၃ ခုနှစ် ဖေဖေါ်ဝါရီ အလယ်ပိုင်းလောက်က စပြီး ဆေးရုံနဲ့ အိမ်ကြား ပြန်ပြေးခဲ့ရပြန်တယ်။ ဆေးရုံ့ ပြန်မသွားရခင် ဒီနှစ် NSW တက္ကသိုလ်မှာ မြို့ပြပတ်ဝန်းကျင်ဆိုင်ရာ အင်ဂျင်နီယာဘွဲ့အတွက် ကျောင်းတက်ခွင့်ရတယ်လို့ အကြောင်းကြားစာ ရလာခဲ့တာလည်း ရှိတယ်။ ဒါပေမယ့် ကိုယ့်အခြေအနေမှန်ကို သိနေပြီဖြစ်တော့ အဲဒီကိစ္စအပေါ်မှာ တာရှည်ကြီး စဉ်းစားမနေဖြစ်လိုက်ပါဘူး။ ဆေးရုံမတက်ခင်မှာ သမီးတွေအတွက် ဗမာလို စာမျက်နှာ ငါးမျက်နှာပါတဲ့ စာတစောင်ရေးဖြစ်တယ်။ အဓိကကတော့ သူတို့လေးတွေ ဗမာလိုနေဖို့ ဗုဒ္ဓဘာသာဝင် အခြေခံကျကျ အဆီအနှစ်ကျကျ နားလည်ကြဖို့နဲ့ ဗုဒ္ဓရဲ့ အဆုံးအမအတိုင်း လူ့ဘ၀မှာ ငြိမ်းငြိမ်းချမ်းချမ်း နေသွားစေလိုတဲ့ စေတနာနဲ့ ရေးဖြစ်တာပါ။

ဆေးရုံက ပြန်ဆင်းလာတယ် အစားမပြောနဲ့ ရေတောင် ကောင်းကောင်း မသောက်နိုင်တော့ပဲ အန်တယ်။ အိမ်မှာရော ဆေးရုံမှာပါ ဘုန်းတော်ကြီးတွေ ကြွလာပြီးတော့ ပရိတ်တရားများ ဟောကြားပေးကြပါတယ်။ သွန်သင်ဆုံးမမှုများ ပြုလုပ်ကြပါတယ်။ မကျန်းမာစဉ်အတွင်းမှာ တရားမှတ်ပြီး နေထိုင်ခြင်းဟာ အကောင်းဆုံးလို့ သင်ကြား ပြသတော်မူခဲ့ကြပါတယ်။ ဆေးရုံက ဆင်းလာခဲ့ပြန်တယ်၊ အိမ်မှာ ဇော်ထွန်းဆိုတဲ့ မိတ်ဆွေတယောက်က လာလည်တယ်။ တရုတ်ပြည်မှာ ဆေးသွားကုဖို့အတွက် မဆိုင်းမတွပဲနဲ့ ၀ိုင်းပြီးတော့ ကူလုပ်ကြတယ်။ အဲဒီနေ့က သူတို့ဇနီးမောင်နံ ပြန်သွားအပြီးမှာ တရားအဖန်ဖန် ရှုမှတ်ရင်းနဲ့ မိမိကိုယ်ကိုယ်မိမိ လက်ခံခြင်း၊ ကောင်းစွာသိခြင်း အဆင့်ကိုရင်ထဲက တွေးကြည့်ရုံ မဟုတ်ပဲနဲ့ အားမတန်လို့ မာန်လျှော့ရတယ်ဆိုတဲ့ အနေအထားမျိုးမဟုတ်ပဲနဲ့ ကျေကျေနပ်နပ် လက်ခံလိုက်နိုင်တယ်။ အဲဒါနဲ့ ကလေးအဖေကို ဖုန်းဆက်ပြီး ပြောခိုင်းတယ်တရုတ်ပြည်မှာ ဆေးကုမယ့် ကိစ္စကို ဆက်မလုပ်ပါနဲ့တော့လို့ ပြောခိုင်းတယ်။ နောက်တနေ့ကျတော့ အိမ်မှာ နေ့စဉ်လာရောက် ကြည့်ရှုပေးနေတဲ့ ဆေးရုံဆရာမ တယောက်ဆီမှာဆားရည်ချိတ်ထားတာ ပြန်ဖြုတ်ပေးဖို့ မေတ္တာရပ်ခံလိုက်တယ်။ ဒီဆားရည်တွေဟာ အသက်ရှည်စရာ အကြောင်းတရား မဟုတ်နိုင်တဲ့ အရာတွေပါပဲ၊ နာရီပိုင်းလောက်သာ မျှော်လင့်ချက် ပေးထားနိုင်တဲ့အရာတွေပါ။ အဲဒါနဲ့ ဆားရည်လည်း ပြန်ဖြုတ်လိုက်တယ်။

အိမ်မှာနေရင်းနဲ့လည်း ကလေးအဖေနဲ့ ကလေးတွေကို အမြဲ အကဲခတ်လေ့လာနေခဲ့တယ်။ သူတို့တွေ ကိုယ်နာမကျန်း ဖြစ်နေတဲ့အပေါ် စိတ်မကောင်းဖြစ်တာရုံ မဟုတ်ဘူး သိပ်တော့ မျှော်လင့်ချက် မထားနိုင်တာကို သိနေကြမှာပါ။ တကယ်တမ်းပြောရရင် ကလေးတွေအတွက်သာ ကိုယ်က မိခင်မေတ္တာနဲ့ ပူပန်စိတ် အမျိုးမျိုးဝင်နေရပေမယ့် သူတို့လေးတွေဟာ ဘာမှ နာလည်ပုံ မရကြဘူး။ ပြောရမယ်ဆိုရင် ဒီကနေ့ ကောက်ကာငင်ကာ သေသွားလည်း သူတို့တွေ ဘယ်လောက်များများ နားလည်ခံစားတတ်မှာလဲ ကလေးဆိုတာ စားချိန်စား ကစားချိန်ကစား အိပ်ချိန်တန် အိပ်သွားတတ်ကြတယ်လေ။ အခြေအနေတခုကြောင့် သူတို့ရဲ့ဘ၀မှာ မိခင်ဆိုတာမျိုး တောင်းတလာမယ့် အချိန်ကျတော့ ကိုယ်က မရှိနိုင်တော့ဘူးပေါ့။ ဒီအခြေအနေအားလုံးလည်း မိမိထိန်းချုပ် ဖန်တီး ဟန့်တားပြုပြင်လို့ ရတဲ့အရာတွေ မဟုတ်ပါဘူး။ ဒီနိယာမဆိုတဲ့ လွန်ဆန်လို့မရတဲ့ သဘာဝတရားတွေကို ကျေကျေနပ်နပ် ခံယူလာနိုင်တဲ့အချိန်ဟာ မိမိအတွက် တကယ်ကို အေးချမ်းတဲ့ အချိန်များပါပဲ။

ကိုယ့်ရဲ့ ၀ိပဿနာညာဏ်စဉ်ဟာ ဘယ်အဆင့်ကို ရောက်တယ်ဆိုတာ မသိပါဘူး။ တခုထင်ရှားတာကတော့ ဒီ မတ်(ခ်ျ)လ ၁၂၊ ၁၃၊ ၁၄၊ ၁၅ ရက်အတွင်းမှာ လူက စိတ်အရ ပေါ့ပါးလွတ်လပ်လာတယ်။ ခန္ဓာကတော့ နာနေတာပေါ့လေ။ လိုအပ်တဲ့ ဆေးဝါးတွေလည်း မှီဝဲနေဆဲပါပဲ။ အထူးသဖြင့် ညဘက်တိတ်ဆိတ်တဲ့ အချိန်များမှာ ပိုပြီး စိတ်ချမ်းသာတယ်။ စိတ်တုန်လှုပ်ခြင်း သောကရောက်ခြင်းတွေ ရှိမနေတော့ဘူး။ အိပ်ပျော်ရာက နိုးလာတဲ့အချိန်မှာ ဒီဘ၀ကလွတ်မြောက်ဖို့ရာ ပိုနီးလာပါလားဆိုတဲ့ ပီတိမျိုးကို သိသိသာသာကြီး ခံစားရတယ်။ ဒီပီတိဖြစ်နေခြင်းဟာ ၀ိဘ၀တဏာဆိုတဲ့ ဘ၀ပျက်ခြင်းကို အလိုရှိခြင်း ဖြစ်နေပြီလားသမ္မာဒိဌိဖြစ်နေမလားလို့ သိချင်တာနဲ့ ၁၅၊၀၃၊၀၃ နေ့လည်ပိုင်းမှာ (ယနောရာ) ဆရာတော် အရှင် ဦးဇာဂရထံမှာ လျှောက်ထား မေးမြန်းခဲ့တယ်။ ဆရာတော်ဘုရားကြီးက ၀ိဘ၀တဏာက ကိုယ်လိုက်လို့ ဒီစိတ်ပေါ်တာ မဟုတ်တဲ့အပြင် ပြုဖူးတဲ့ကုသိုလ်တွေကြောင့် သေရမှာကို မကြောက်တဲ့စိတ် ပေါ်လာတာ ဖြစ်တယ်လို့ ရှင်းပြတယ်။ အဲဒါနဲ့ ကိုယ့်စိတ်ထဲမှာ ကြည်ပြီးတော့ ရှင်းသွားတယ်။ တချို့ရက်တွေမှာ ဆိုလို့ရှိရင် ဒီလိုစိတ်တွေ ရှင်းဖို့ အချိန်မရောက်ခဲ့ဘူး။ တခုမဟုတ်ရင် တခုသောကရောက်လာတာပဲ။ အဲဒီနေ့ ရင်ထဲမှာ ငြိမ်းချမ်းလာမှုတွေနဲ့ ပတ်သက်ပြီးတော့ စာလေးတစောင်လောက် ရေးချင်လိုက်တာလို့ ဆန္ဒရှိလာတာနဲ့ ကလေးအဖေကို ပြောပြတယ်။ သူက ရေးပေးမယ်ဆိုတာနဲ့ ရေးဖြစ်ခဲ့တာပါ။

အနှစ်ချုပ် ပြောချင်တာကတော့ လူတယောက်ရဲ့ ဘ၀ကောင်းရာမွန်ရာ နေနိုင်၊ ရောက်နိုင်အောင်၊ တန်ဖိုးရှိအောင် သံသရာ ၀ဋ်ဆင်းရဲကြီးကနေ လွတ်မြောက်ပြီး သံသရာ ချုပ်ငြိမ်းသွားအောင် ရနိုင်ရောက်နိုင်တဲ့ တရားများဟာ မြတ်စွာဘုရား ဟောကြားခဲ့တဲ့ တရားဓမ္မများသာလျင် ဖြစ်ကြောင်း၊ ဗုဒ္ဓသည်သာ ကိုးကွယ်ရာ၊ ဓမ္မသည်သည်ကိုးကွယ်ရာ သာသနာ့ဝန်ကို သစ္စာရှိစွာ ထမ်းဆောင်နေသော သံဃာသည်သာ ကိုးကွယ်ရာပဲ ရှိပါတယ်။ ဒီလို ကိုယ်တိုင်ကိုယ်ကျ အားထုတ်လေ့လာနိုင်တဲ့ တရားဓမ္မဆိုတာ ဗုဒ္ဓဘာသာမှာသာ ရှိတဲ့အတွက်ကြောင့် ဒီစာကို ဖတ်တဲ့သူဟာ ဗုဒ္ဓဘာသာဝင်ဖြစ်ရင် မိရိုးဖလာ ဗုဒ္ဓဘာသာဝင် အဖြစ်လောက်နဲ့ပဲ မကျေနပ်နေကြပဲ ၀ိပဿနာ တရားများကို လက်တွေ့ကျင့်ကြံ အားထုတ်ကြဖို့ တိုက်တွန်းလိုပါတယ်။ သေမှာကို မကြောက်တော့ပဲ သတ္တရှိရှိနဲ့ သေခြင်းတရားကို ရင်ဆိုင်သွားနိုင်ပြီဆိုရင် ဘယ်လောက် တန်ဖိုးရှိသလဲဆိုတာ တကယ်ရင်ဆိုင်ဖူးတဲ့သူပဲ သိနိုင်ပါတယ်။ ဒီသတ္တိလေး ရမလာခင် ဒီသတ္တိလေးရှိမလာခင်မှာ ဖြတ်သန်းလိုက်ရတဲ့သောက စိတ်ဆင်းရဲ ပင်ပမ်းခြင်းတွေဟာ ဘယ်လောက်ကြီးတယ်ဆိုတာ ဖြတ်သန်းဖူးသူတွေသာ သိနိုင်ပါတယ်။

စေတနာ၊ မေတ္တာ ဂရုဏာ တရားတွေကို အခြေခံပြီး ဒီစာကို ရေးဖြစ်ပါတယ်။ သာဓု အနု မောဓနာ ခေါ်ယူကြပါကုန်။

(သာဓု သာဓု သာဓု)



သက်သက်လွင်
စနေနေ့ ၁၅၊ ၃။ ၀၃


အထက်ပါ မသက်ရဲ့စာကို လျှောက်လွှာစာရွက်ကိုပဲ ကော်ပီကူးပြီး ဖြန့်ဝေဖို့ လုပ်နေချိန်မှာ ဒီလိုစာအုပ်လေး လုပ်ပြီး ဖြန့်ဝေပါရစေဆိုပြီး ကုန်ကျစာရိတ်ကို တာဝန်ယူပေးခဲ့တဲ့ ကင်ဆာဝေဒနရှင် ဒီအစ်ကိုရဲ့ နာမည်ကို ကျွန်မမှတ်မိတော့ဘူး။ သူက ကျွန်မတို့ အသိထဲကလည်း မဟုတ်ဘူး။ သူ့ကို ၆ လနဲ့ တနှစ်ကြားပဲ ခံမယ်လို့ ဆရာဝန်က ပြောထားခဲ့ပေမဲ့ မသက်ဆုံးတဲ့အချိန်ဆို သူရောဂါ ရတာ ငါးနှစ်ရှိနေပြီ။ လွန်ခဲ့တဲ့ နှစ်နှစ်ခန့်က သူ့ကို ဈေးတခုမှာ ကျန်းကျန်းမာမာနဲ့ တခါတွေ့ရတယ်။ ဒါဆိုရင် သူ့မှာ ကင်ဆာရထားတာ ဆယ်နှစ်ရှိပြီ။ ကင်ဆာဆဲဟာ သာမန်ဆဲလ်ထက် ပွားနှုန်းပိုမြန်ပါတယ်။ သက်တမ်းကို သတ်မှတ်တယ်ဆိုတာ ကင်ဆာဆဲလ်ရဲ့ ပွားနှုန်းကို တွက်ချက်ပြီး သတ်မှတ်တာ ဖြစ်ပါတယ်။ ၀ိပဿနာတရားပွားများပြီး အသက်ဆက်လက် ရှင်နေတာဟာ ဘာကြောင့်ဆိုတာ သိပ္ပံနည်းနဲ့ ရှာလို့ မတွေ့ပါဘူး။ ဆရာဝန်က ၆ လ၊ တနှစ်သာ ခံမယ်လို့ ပြောထားခြင်းခံရပြီး ဒီလို သတ်မှတ်ထားတာထက် အတိုင်းထက်လွန် အသက်ရှည်နေသူတွေဟာ တရားရဲ့စွမ်းအားကြောင့် စိတ်ဓါတ်ခိုင်မာမှုနှင့် အတွင်းစိတ်ရဲ့ ကြည်လင်မှုနဲ့လည်း သက်ဆိုင်လိမ့်မယ်လို့ ကျွန်မထင်တယ်။ ၀ိပဿနာတရားက ကင်ဆာဆဲလ်ပွားနှုန်းကို နှေးစေတာ (သို့) ဆက်မပွားဘဲ ရပ်တန့်နေစေနိုင်တာ ဖြစ်နိုင်တယ်လို့ ယူဆနိုင်ဖွယ်ရှိပါတယ်။ ဒီအစ်ကိုကို ကျွန်မစုံစမ်းကြည့်လို့ အခုထိ ရှိနေသေးရင် သူ့ဆီက အကြံဥာဏ်တချို့ကို မေးပြီး ကျွန်မ နောက်ထပ်ပို့စ်တခု ပြန်တင်ပေးပါမယ်။ မသက်စာအတွက် သူရေးထားတဲ့ နိဒါန်းလေးကို ကြည့်ခြင်းဖြင့် သူက စာရေးတတ်တဲ့ သူတယောက်ဆိုတာ ခန့်မှန်းလို့ရပါတယ်။ သူကိုယ်တိုင်ကို ဆောင်းပါးလေးတပုဒ် ရေးခိုင်းပြီး တင်ပေးဖို့ စဉ်းစားထားပါတယ်။

မသက်ပေးသော Message ကို ဗုဒ္ဓဘာသာဝင် စာဖတ်သူ အားလုံး ရကြပါစေ။
အန်ကယ်နိုင်နဲ့ ကိုနိုင်တို့ကို ဒီအစ်ကိုလိုပဲ ကျန်ရှိတဲ့ ဘ၀သက်တမ်းကို အဓိပ္ပါယ်ရှိရှိ ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

19 comments:

အမငယ်..
ဖြစ်လာတဲ့ ဝေဒနာကိုတရားသဘောလေးနဲ့ရှုမှတ်
နိုင်အောင်ပြောပြပေးထားတယ်နော်.။ မလွဲမသွေ
ရှောင်လွဲလို့မရတဲ့သေခြင်းတရားဆိုပေမဲ့တကယ်
ရင်ဆိုင်ရတဲ့အခါတည်ငြိမ်ပြီးတရားအားထုတ်နိုင်ဖို့
တော်တော်ကြိုးစားရမှာပဲ..။

ခင်မင်စွာ
သဒ္ဓါ

ဘကျောက်အတွက် အလွန်စိတ်မကောင်းဖြစ်မိပါတယ်...

ပို့ စ်လေးအတွက် ကျေးဇူးအထူးပါ။ သူများကို ဝေမျှနိုင်သလို ကိုယ်ကိုတိုင်လည်း ကျင့်ကြံ အားထုတ်နိုင်သူဖြစ်ပါစေ။

Hi Ma Nge-Naing, I feels so sorry for them. But I'm happy about reading this post as you are sharing valuable methods and really appreciated it.

TA.

ဟောဗျာ ကိုကြီးကျောက် အကြောင်း မသိဘူးဗျ။
စိတ်မကောင်းပါဘူးဗျာ..။

အရင်ကလည်း တခါဖတ်ဖူးတယ် လူတယောက် စိတ်ဓါတ်ခိုင်မာ ဖို့တော့ လိုလိမ့်မယ် အရမ်းအရေး
ကြီး ပါတယ် ။ကျမတို့ ဆီမှာ ကင်ဆာဖြစ် သူတွေ တပုံကြီးပေါ့ ။ တချို့ က ကြားပြီး ဆေးကုသလို့ ရ ရက်သားနဲ့ စိတ်ကြောင့် မြန်မြန်ပဲ လောကကြီးကို နှုတ်ဆက်သွား ကြတယ် ။ တချို့ကျတော့ ခွဲစိတ်ပြီး
ဆရာဝန် က ၃လဆိုတာ ပြောထားရက်နဲ့ ကျမ
မျက်စိရှေ့ တင်အခုထိ အသက်ရှင်နေတယ်၃နှစ်ရှိပါပြီ နောက်တယောက်ကကိုကျော်ဆန်းဆိုတဲ့လူတယောက်ပါ သူက ကရင် ဗုဓ္ဒဘာသာပါ ။ တယောက်ထဲ ဒီမြို့ ကို ရောက်လာတာ ။သူငယ်ချင်းတွေနဲ့ အတူတူအလုပ်
ရင်းနေတယ် ။ သူ့ဗိုက်ထဲကအရမ်းအောင့်လို့ကျမ အမျိုး သား က သူ့ရဲ့ ကေစ့် ကို ကိုင်တော့ သူ့ကို အစစအရာရာ ဂရုစိုက်ဖြစ်ကြတယ် ။ ဆရာဝန်က သူ့ကို လုံးဝလက်မခံတော့ဖူး ။အလွန်ဆုံး ၃ ပတ်တဲ့ အသဲတခုလုံး ပုပ်နေပြီတဲ့ သူ့ခမျာ ဘာမှစားလို့မရဖူး ဗိုက်ကတင်း နေတာ ။ ဖေားရောင်နေတယ် ညညဆို ဗိုက်ထဲက ရေပုပ်တွေ ထုတ်ရတယ် ။ တော်တော်အံသြစရာကောင်း တာက သူငယ်ချင်း မြန်မာ ဗုဓ္ဒဘာသာတွေပဲ တယောက် မှလာ မကြည့်ကျဘူး ။ ကျမပဲ သူစားချင်တာလေးတွေ
ချက်ပို့တယ် တရားခွေလေးတွေဆိုင်းထီးဆိုင်သီချင်းလေး တွေ သွားဖွင့်ပေးတယ် ။ ကျမတို့ နှစ်ယောက် သူ့ကို ရေချိုး လက်သဲလေးတွေ ညပ်ပေးတယ် ။ သူတော်တော် ကျန်းမာလာတယ် ။ဆရာဝန်က ၃ ပတ်ကနေ ၃လ ဖြစ်သွားတယ်။ ကျမတို့ကလည်း တနေကုန် အလုပ်သွား
ညနေဆို ကျမ အမျိုးသားက ကျောင်းသွားဆိုတော့ သိတ်မအားကြဘူး ။ နေ့တိုင်းတော့ ထမင်းပို့တယ် မနက်စာနဲ့ ညစာပေါ့ ။ သူ့ရုံး အရှေ့ နားလေးတင် မှာ မျှော်လင့်ချက် မရှိတော့ တဲ့လူနာတွေကို ထားတဲ့ နေရာရှိတယ် ။စနေနေ့ အလုပ်အားတော့ ကျမတို့ သူ့ကို
ရေချိုးပေးဖို့ ပြင်ဆင်နေတုန်းမှာ သူ့အိတ် ထဲကနေ ဓါတ်ပုံလေး တပုံ တွေ့ရတယ် သူ့မိဘပုံအဖေနဲ့ အမေတွဲ ရိုက်ထားတဲ့ပုံပေါ့ ။ ကျမတို့ နှစ်ယောက်လုံးက မိဘနဲ့
ဝေးနေတာ ၁၃ ၁၄ နှစ် ရှိနေပြီဆိုတော့ သူ့ကို အရမ်း သနားမိတာပဲ။
ကျမ အမျိုးသားကမေးတယ် ။ အကို့ အခုချိန်မှာ
ဖြစ်ချင်ဆုံးဆန္ဒက ဘာလည်းလို့မေးတော့ သူ့မိဘ
ကိုတွေ့ချင်တယ်တဲ့ ။ သူအမေ၇ီကားကိုေ၇ာက်
လာတာ ၁ နှစ်ပဲရှိသေးတယ် ။ ရင်ထဲ မကောင်း
လို့ အပြင်ဖက်ထွက်ပြီးကျငိုမိတယ် ။ သူ့အတွက်
တခုခု လုပ်ပေးဖို့ စဉ်းစားပြီး အထဲဝင်လာတော့
ကျမအမျိုးသားက သူ့ကို ကတိတခုပေးတယ်
အကိုယ့်ဆန္ဒပြည့်စေရမယ် ။ကျနော်တာဝန်ယူ
တယ် ပြောလိုက်တယ် ။ နောက်နေ့ ချက်ချင်း
သူ့ နပ်(စ)မ က အိန္ဒယ လူမျိုး ၊ သူ့ကို အကျိုး
ကြောင်းပြောပြတယ် ။ ကျမ ကိုကျော်ဆန်း အတွက်
ချက်လက်မှတ် ၃ ပတ်စာ မတည်ပြီး ရန်ပုံငွေ စကောက်
ဖြစ်တယ် ။ နပ်စ်မ က သူ $ 3000.00 ထည့်ပေးတယ်
ကျမတို့လင်မယား ညနေဆို ပိုက်ဆံလိုက် ပြီးတအိမ်
ဝင်တအိမ်ထွက် ကောက်ဖြစ်ကြတယ် ။ လူတွေက အရက်
သောက်ဖို့နဲ့ အပျော်ပါး အတွက်သာ ကုန်ခံနိုင်ကြပေမဲ့
ဒီလိုကျတော့ တွန့်တိုနေကြတယ် ။ အရမ်းစိတ်မကောင်း
ဖြစ်မိတယ် ။ ဒါပေမဲ့ ဒီနေရာကို ရောက်လာတဲ့ မွတ်စလင်
တွေက တအိမ်ကို $ ၂၀ နှုန်း နဲ့ထည့်ပေးကြပါတယ်
ကျမအမျိုးသားက ရုံးမှာပြောပြပြီး ။မြို့တော်ဝန်ဆီ စာရေး
ခရီးသွားလက်မှတ်ရော ဆရာဝန်ရဲ့ခွင့်ပြုချက်ရော
အာလုံးစုံပြီ ဆိုတော့ လူတယောက်ရှာရပါတယ် သူ့ကို
ပြန်ပို့ဖို့ အဖော်ပေါ့ ။ ကျမ အကိုတယောက်က တာ
ဝန်ယူပြီ လိုက်ပို့ပါတယ် ။ သူပြန်ရတော့ အဲ့နေ့မှာ ကျမ အမျိုးသားနဲ့ နပ်စ်မ တို့ရဲ့ ခြေထောက်ကို လာကိုင်ပြီး
ရှစ်ခိုးတယ် ။ဒီကျေးဇူးကို တသက်မမေ့ဘူးပေါ့ တနေ့
ကျပြန်လာမယ် ကျေးဇူးတွေ ဆပ်ချင်သေးတယ်လို့
ပြောတယ် ။ သူ့ကို မဲဆောက်က ဆရာမ ဆေးခန်းအထိ
ပို့ပေးတယ် ။ သူ့မိဘတွေလာပြီးတွေ့ ဆေးမှီးတိုတွေ နဲ့
ကုတယ်တဲ့ ။ တနှစ်လောက် အကြာမှ သတင်း တခု
ရတယ် သူအသက်ရှင်နေဆဲပါပဲတဲ့ ။ ဘာပဲဖြစ်ဖြစ်
ကျမ မျက်ရည်ကျလောက်အောင် ပိတိဖြစ်ရတယ် ။
သူ့နေရာမှာ ၀င်ပြီးခံစားကြည့်မိလို့ ပါပဲ ။ ကျမတို့ အား
လုံးဟာလူသာတွေ ပါ တယောက်ကို တယောက် အားပေး ဖေးမ ၊ ဂရုစိုက်မှုတွေ လုပ်သင့်တယ် ။
တယောက်နဲ့တယောက် ကူညီသင့်တယ် ။
တတ်နိုင်တာလေးပေါ့ ။ဘာမှ မလုပ်ပေးနိုင်ရင်တောင်
သူ့ ကို ပြုံးပျော်စေမယ့် စကားလေးတွေပြောပေးကြမယ်
နည်းလမ်းမှန်လေးတွေ ပြောပေးကြမယ်ဆို သူတို့ ဘာကို
မှကြောက်မှာမဟုတ်တော့ဘူး ။ ခုလို တရာဘာဝနာပွားမယ် ဆိုရင် အကောင်းဆုံးပေါ့ ။ မြန်မာတွေ အချင်းချင်း ကိုယ်ချင်းစာပြီး ဖေးမ ကူညီစေလိုပါတယ် ။

ကိုကြီးကျောက်လည်း ဘာမှ စိတ်ဓါတ်မကျပါနဲ့
ဖြစ်လာသမျှ အကောင်းတွေပါ ။ ဆေးကုသမှု
လွတ်လပ်စွာ ရနေတာပဲ ။ အရာရာခေတ်မှီနေ
ပါပြီ ။ အရာရာ အဆင်ပြေသွားပါလိမ်မယ် ။
ဆုလည်းတောင်းပေးနေပါ့မယ် ။

အပေါ်ကစာကတော့ မြန်မာတွေ အချင်းချင်း
နွေးထွေးမှု ရှိစေချင်လို့ ဖော်ပြတာပဲ .
ဘာရယ်မဟုတ်ပါဘူး ။ ဒီနေ့ ကိုယ့်အပေါ်
ကျရောက်တဲ့ ဒုက္ခက မနက်ဖြန် သင့်ပေါ်
မကျရောက်ဖူး ဘယ်သူမှ မပြောနိုင်ပါဘူး
မြန်မာချင်းချင်း နွေးထွေးမှု ရှိပါစေ
လူသား အချင်းချင်း စာနာ နားလည်နိုင်ပါစေ ။

အားလုံးကို လေးစားတဲ့
Baby taster

သာဓု...သာဓု...သာဓု..အစ်မရေ။
ကျနော်လည်း ဘာပြောရမှန်း မသိအောင် ဖြစ်မိပါတယ်။ ဘုရား ၊ တရားပဲ ဆက်လုပ်တာ အကောင်းဆုံးပါပဲ။

မသက်သက်လွင် ရေးထားတာကို အမှတ်တရ ဖတ်သွား
တယ် အမရေ၊ အကိုကြီးကျောက် သတင်း ကြားရတာ စိတ်မကောင်းဘူး။

အစ်မရေ
ဘကျောက်ဆီမှာ စာမှန်မှန်သွားဖတ်ဖြစ်ပေမယ့် တခါမှလဲ ကွန်မန့်မပေးဖူးပေမယ့် ဒီနေ့သူ့သတင်း ဖတ်လိုက်ရတော့ မျက်ရည်ကျမိတယ်။ အခုအစ်မရဲ့ ပို့စ် ကိုဖတ်လိုက်ရတော့ တကယ်ကို စိတ်ထဲက ၀ိပသနာ တရားကို ကျင့်ကြည့်ချင်တဲ့စိတ်ဖြစ်လာမိတယ်၊ ပြောရမှာတော့ရှက်ပါတယ်၊ ဘယ်ကစပြီး ဘယ်လို ကျင့်ကြည့်ရမလဲဆိုတာ အစ်မပြောပြပေးနိုင်ရင် ကျေးဇူးအထူးတင်ပါတယ်၊

တရားရှာ ကိုယ်မှာတွေ့တဲ့ မငယ်ရေ...အန်ကယ်တော့ ကိုယ့်ရဲ့ ဝေဒနာ ဖြစ်ပျက်တွေကို မှတ်နေတယ်..
ဒီ post လေး အတွက် ကျေးဇူးပဲ ငါ့တူမရေ့..

Baby taster - မျှဝေ ပေးသွားတာ ကျေးဇူးတင်ပါတယ်။
Anonymous (October 10, 2010 6:25 AM) - ကျွန်မလည်း ညအိပ်ရာဝင်ချိန်နဲ့ မနက်အစောကြီး ဘုရားရှိခိုးပြီး ၁၀ - ၂၀ မိနှစ်ခန့် ၀င်လေ၊ ထွက်လေ မှတ်တာပဲ လုပ်ဖြစ်ပါတယ်။ ၀ိပဿနာကို အချိန်ပေး လုပ်နေသူ မဟုတ်တော့ အကြံပေးနိုင်လောက်တဲ့အထိ ဗဟုတ မရှိဘူး။ ကျွန်မ ဘလော့ဂ်က Link ထားတဲ့အထဲမှာ သွားလည်ဖြစ်သော ဘာသာရေး ဘလော့ဂ်များဆိုတဲ့ ခေါင်းစဉ်နဲ့ ဘာသာရေး ဘလော့ဂ်တွေ သီးသန့် ရှိတယ်။ အဲဒီဘလော့ဂ်တွေမှာ မေးခွန်း မေးနိုင်ပါတယ်။

အန်ကယ်နိုင်ရေ - ၀ိပဿနာ တရားမှတ်တာ တကယ်အလုပ်ဖြစ်တာတော့ အမှန်ပဲ။ ကျွန်မ ပြောတဲ့ အစ်ကိုက အခုထိ အသက်ရှိသေးရင် သူ့ရောဂါ ရတာ အခုဆိုရင် ၁၂ နှစ် ရှိနေပြီ။ သူရှိဦးမှာပါ။ အဲဒီအစ်ကိုကို သူနဲ့ သိနိုင်တဲ့သူတွေကတဆင့် စုံစမ်း ဆက်သွယ်ပြီး အခက်အခဲတွေကို သူဘယ်လို ရင်ဆိုင်လဲဆိုတာ မေးပြီး ပို့စ်တင်ပေးဦးမယ်။
အန်ကယ်နိုင် စိတ်ဓါတ်ခိုင်မာပါတယ် အဲဒီအစ်မကိုလိုပဲ အခက်အခဲကို အောင်မြင်စွာ ရင်ဆိုင်နိုင်မယ်ဆိုတာ ကျွန်မ ယုံကြည်ပါတယ်။

မှတ်ချက်ပေးသွားသူများအားလုံး အန်ကယ်နိုင်အတွက် ဆုတောင်းပေးသွားသူ အားလုံးကို ကျေးဇူးတင်ပါတယ်။

မရေ......
တခုလောက် အကူညီတောင်းချင်တယ်

ကောမန့်ရေးတာ စာစီနေတုန်းမှာပဲ

နှိပ်လိုက်မိတယ် ပေးလို့မရဖူးထင်လို့

စာက ဟိုတလုံး ဒီတလုံးဖြစ်နေတယ်

ကျေးဇူးပြုပြီး စီပေးလို့ရမလား

အားမှပါ မအားရင်လည်းရပါတယ်

လေးစားစွာဖြင့်
Baby taster

ဘယ်စာကို စီဖို့ပြောတာလဲ။ မှတ်ချက်အတွက် ရိုက်ထားတဲ့စာကို ပြောတာလား။ အခုဝင်လာတဲ့ မှတ်ချက်က မပြီးသေးဘဲနဲ့ မှားနှိပ်မိလို့ ၀င်လာတတယ်လို့ ပြောတာလား မရှင်းဘူး။ ပို့စ်နဲ့ မဆိုင်ရင်တော့ ဒီထဲမှာ မရေးပါနဲ့၊ C-Box မှာ ဒါမှမဟုတ် ngenaing2008@gmail.com ကို မေးလ်ပို့လိုက်လည်း ရပါတယ်။ Anonymous အဆင်ပြေပါစေ။

ညီမငယ် ရေ .. ဒီပို့စ်လေးဖတ်ရတာ ကျေးဇုးတင်ပါတယ်... ကိုယ့်အလှည့်ကျရင်လည်း ဘယ်လိုရင်ဆိုင်ရမလဲ မတွေးတတ်သေးဘူး...


mie nge

Thanks much for sharing, I appreciate a simple example for enlightment peson who is like a winner of exams views to the peoples struggling for exams.

ကျေးဇူးပါအစ်မ၊ လင့်ခ်တွေသွားကြည့်လိုက်ပါမယ်။ အခုတော့ ဘကျောက်ဆီမှာပေးထားတဲ့ လင့်ခ်တွေထဲက တော်ကူးဆရာတော်ရဲ့နည်းကို ဖတ်ကြည့်နေပါတယ်။

Anonymous (October 10, 2010 6:25 AM)

ကြားသိရတာ အလွန့် အလွန်ကို ခံစားရပါတယ်။ ဘာပြောရမလဲတောင်မသိတော့ပါဘူး။ အမ ပထမရေးထားတဲ့ အမချစ်ကြည်အေး ဘလော့ ကိုလည်း သွားကြည့်ဖြစ်သေးတယ်။ ကိုကြီးကျောက် ရေးထားတဲ့စာကိုဖတ်လိုက်ရတော့ ရင်ထဲကို ဆို့ သွား တာဘဲ။ အဲ့ဒီ့ညက မအိပ်ခင် ဖတ်လိုက်တော့ တစ်ညလုံး စိတ်မကောင်းလွန်းလို့ အိပ်လို့ မပျော်ဘူး။ ဘာဘဲဖြစ်ဖြစ် သီလမြဲပြီး ၀ိပသ၁နာပွားနိုင်တဲ့ သူအဖို့ က တစ်နေ့ တရက် အသက်ရှည်ခြင်းသည် သီလမရှိတဲ့သူရဲ့ အနှစ်တစ်ရာ အသက်ရှည်ခြင်း ထက်သာပါတယ်။ ညီမတို့ အားလုံးဟာ တစ်နေ့ မှာ ဒီလမ်းကို သွားကြရမှာပါ။ ကြိုသိတဲ့သူနဲ့ မသိတဲ့သူ ဒါဘဲကွာပါတယ်။ သွားချင်သည်ဖြစ်စေ။ မသွားချင်သည်ဖြစ်စေ။ ငြင်းခွင့်မရှိပါဘူး။ တစ်နေ့ ထက်တစ်နေ့ သေဖို့ ပိုပိုပြီးနီးလာတာဘဲမဟုတ်ပါလား။ ကိုယ့်ကိုယ်ကိုယ်လည်း ပြန်ဆင်ခြင်မိပါတယ်။ အသက်ရှင်တုန်းအခိုက် မကောင်းမှု့ ရှောင်၊ ကောင်းမှု့ ဆောင်ပြီး စိတ်ကိုဖြူဖြူစင်စင်ထားကာ တတ်နိုင်သရွေ့ သူများကိုအားအင်ရှိသေ၇ွ့ ကူညီပြီး အချိန်ရသမျှ ၀ိပသ၁နာအလုပ်ကို့ တိုးတိုးပြီး လုပ်သွားဖို့ လိုတယ် ဆိုတဲ့အသိကို ပိုပိုပြီး ဆင်ခြင်မိ ပါတယ်။ အခု စာရေးရင်းနဲ့ တောင်ရင်ထဲမှာ ဆို့ နင့်နေတယ်။ ကိုကြီးကျောက်အတွက် ဘုရားမှာ ဆုတောင်း ပေးဖြစ်ပါတယ်။ ကိုကြီးကျောက်အတွက် ကန့် သတ်ခြင်းခံထားရတဲ့ သေခြင်းတရားရက်လ မှ ကျော်လွန်ပြီး နှစ်တွေအလီလီကျော်ဖြတ်နိုင်ကာ အသက်ရှည်ပါစေလို့ ။

ညို

မငယ်ရေ..

မရောက်တာ ကြာခဲ့ပေါ့..။ မသက်ကို အင်မတန် လွမ်းမိတာပဲ.. မသက်က နဂိုကတည်းက တည်ငြိမ်သူဆိုတော့ သူမြန်မြန် တရားကို ခနာကိုယ်မှာ ရှာတွေ့ခဲ့တယ်လို့ ယူဆခဲ့တာ.. အခုမှ သူယောင်ယတ်ခပ်ခဲ့တာ ဖတ်ရလို့.. အော် လူဆိုတာ တကယ်ဖြစ်လာရင်လည်း ဒီလိုပါလားလို့ ရူမှတ်မိတယ်..။

မသက်ကို ခဏ ခဏ အိပ်မက် မက်တယ်.. အခုတော့ မမက်တော့ဘူး..။ သူရဲ့ အရင်ဘဝက ဖြည့်စွက်ခဲ့တဲ့ ပါရမီကြောင့် အခုလို ဆားရည်ဖြုတ်ခိုင်းပြီး အမြန် ကျွတ်လမ်းကိုများ သွားခဲ့တာလားလို့ စဉ်းစားနေတယ်..။

မသက်က ဆုံးခါနီး.. စကားတွေ ပြောချင်ခဲ့ပေမဲ့ ကျွန်တော် ပြန်မပြော နိုင်ခဲ့တာကိုတွေးရင်း အင်မတန် တရားသဘော နဲခဲ့တယ် ပြောရမလား... ပုထုဇဉ် လူပီသစွာ သံယောဇဉ်ကြောင့် ခံနိုင်ရည် မရှိခဲ့တာပဲလားဆိုပြီး စဉ်းစားနေတယ် မငယ်.. ။

မသက်အတွက် စာရေးတာရော မျှဝေတာ ကျေးဇူး မငယ်..။ ဖြစ်ပျက်နေတာကို မှတ်သားရင်း ဒီဝေဒနာတွေကို ပြတ်နိုင်ရင် အကောင်းဆုံး စစ်မှန်တဲ့ နိဗာန် ပဲ ဖြစ်မယ်ထင်ပါရဲ့..။

မဗေဒါ (၈၈)

အန်ကယ်နိုင်တယောက် အသည်းမှာ ကင်ဆာမရှိတော့ဘူးဆိုတာ သိရလို့ ၀မ်းသာလိုက်တာ။ http://penai22.blogspot.com/2011/04/south-falls-church.html

(((၀ိပဿနာတရားပွားများပြီး အသက်ဆက်လက် ရှင်နေတာဟာ ဘာကြောင့်ဆိုတာ သိပ္ပံနည်းနဲ့ ရှာလို့ မတွေ့ပါဘူး။ ဆရာဝန်က ၆ လ၊ တနှစ်သာ ခံမယ်လို့ ပြောထားခြင်းခံရပြီး ဒီလို သတ်မှတ်ထားတာထက် အတိုင်းထက်လွန် အသက်ရှည်နေသူတွေဟာ တရားရဲ့စွမ်းအားကြောင့် စိတ်ဓါတ်ခိုင်မာမှုနှင့် အတွင်းစိတ်ရဲ့ ကြည်လင်မှုနဲ့လည်း သက်ဆိုင်လိမ့်မယ်လို့ ကျွန်မထင်တယ်။ ၀ိပဿနာတရားက ကင်ဆာဆဲလ်ပွားနှုန်းကို နှေးစေတာ (သို့) ဆက်မပွားဘဲ ရပ်တန့်နေစေနိုင်တာ ဖြစ်နိုင်တယ်လို့ ယူဆနိုင်ဖွယ်ရှိပါတယ်။))) ပို့စ်ထဲမှာ မှတ်ချက် ရေးထားတဲ့အတိုင်းပဲ အခုဆိုရင် အန်ကယ်နိုင်နဲ့ ကိုရဲအောင်နိုင် နှစ်ယောက်က ရောဂါကို တရားနဲ့ အနိုင်ယူသွားတာ မျက်စိရှေ့မှာ မျက်ဝါးထင်ထင် တွေ့ရတာကို ကျွန်မ ၀မ်းသာဂုဏ်ယူမဆုံး ဖြစ်ရပါတယ်။