မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

ရင်သွေးတခု ဖြစ်တည်မှု


မွေးနေ့မှာ ဘုရားမရှိခိုးမီ ဘုရားမီးထွန်းနေစဉ်

ဒီနေ့ နေ့စွဲ 24/07/10 စနေနေ့ ဖြစ်သလို လွန်ခဲ့တဲ့ ၁၁ နှစ် 24/07/99 တုန်းကလည်း စနေနေ့ပဲ ဖြစ်ပြီး သားကို မွေးတဲ့ ၁၁ နှစ်မြောက်မွေးနေ့မှာ နေ့ရောရက်ပါ တိုက်နေပါတယ်။ ဒီမနက်အစောကြီး အိပ်ရာက နိုးတော့ ကျွန်မ ရင်ခွင်ထဲမှာ မှိန်းပြီး အိပ်နေတဲ့ သားကလည်း ကျွန်မနဲ့ တချိန်တည်းမှာ နိုးလာပါတယ်။ သားကို ကြင်နာစွာ ငုံ့နမ်းပြီး “Happy Birthday thar thar!” လို့ ပြောလိုက်ရင်း တဆက်တည်းမှာပဲ “ဒါပေမဲ့ လွန်ခဲ့တဲ့ ၁၁ နှစ် ခုလိုအချိန်မှာ သားကို မမွေးသေးပါဘူး၊ သားသားကိုမွေးတာက ညနေ ခုနှစ်နာရီ ၁၃ မိနှစ်မှာမှ မွေးတယ်” လို့ ပြောလိုက်တယ်။ ဒါနဲ့ သားသားက “ဒါဖြင့်ရင် လွန်ခဲ့တဲ့ ၁၁ ဒီလိုအချိန်မှာ မေမေဘယ်မှာ ဘာလုပ်နေလဲ” လို့ မေးလိုက်တော့ ဖြစ်ကြောင်းကုန်စင်ကို ပြန်ပြောပြဖြစ်ပြီး ရင်သွေးတယောက်ဖြစ်လာတဲ့အထိ ဖြတ်သန်းလာတဲ့ အတိတ်ဆီကို ပြန်ရောက်သွားပါတယ်။










  တော်လှန်ရေးကို စခဲ့တဲ့အချိန်တုန်းကတော့ တော်လှန်ရေးမှာ အိမ်ထောင်ပြုရတဲ့အထိ ကြာလိမ့်မယ်လို့ ဘယ်သူမှ မထင်ခဲ့။ အခြေအနေအရ ဖြစ်လာတဲ့အပေါ်မှာ အချိန်တန် အရွယ်ရောက်တော့ အိမ်ထောင်ပြုဖြစ်သွားခဲ့တာတာသာ ဖြစ်တယ်။ အိမ်ထောင်ကျပြီတော့လည်း ကလေးယူဖို့ စဉ်းစားလိုက်တဲ့ အချိန်မှာတော့ အခြေအနေ အတည်တကျ မရှိဘဲ တနေရာတည်းမှာ တနှစ်ပြည့်အောင် တခါမှမနေရ၊ ပွင့်လင်းရာသီမှာ ရန်သူတက်ရင် ပြောင်းလိုက်ရွှေ့လိုက် ပြေးလိုက်လွှားလိုက်ဘ၀မှာ ကလေးယူခြင်းဟာ တော်လှန်ရေးအတွက် မိမိ ဘာမှ လုပ်ပေးနိုင်တော့မှာ မဟုတ်တဲ့အပြင် မိမိကြောင့် တော်လှန်ရေးမှာ ၀န်ထုပ်ဝန်ပိုးပဲ ထပ်ဖြစ်စေလိမ့်မယ်လို့ တွေးပြီး ကျွန်မ တော်တော်ကြာတဲ့အထိ ကလေးမယူဖြစ်ခဲ့ဘူးဒီလိုနဲ့ပဲ ကျွန်မတို့ လက်ထပ်ပြီး အတော်ကြာတဲ့အထိ ကလေးမယူဖြစ်ကြဘူး။ ကျွန်မတို့နဲ့ ရှေ့ဆက်နောက်ဆက် မင်္ဂလာဆောင်တဲ့သူတွေမှာ ကလေးတွေကိုယ်စီ ရှိလာကြတဲ့ အချိန်ထိ ကျွန်မက ကလေးယူဖို့ကို တွန့်ဆုတ်နေခဲ့ပါတယ်။

ကလေးသိပ်ချစ်တတ်တဲ့ ကျွန်မအမျိုးသားက “သူများကလေးတွေ တော်တော်ကြီးနေပြီ ကိုယ်တို့လည်း ကလေးယူရင် ကောင်းမယ်ထင်တယ်" လို့ ပြောတိုင်း "အသက်သုံးဆယ်တောင် မပြည့်ကြသေးဘူး ကလေးကို အသက် ၃၅ နှစ်မပြည့်ခင် ကြိုက်တဲ့အချိန် ယူလို့ရပါတယ်။ အတည်တကျ ဖြစ်တဲ့အချိန်လေး စောင့်ကြရအောင်" လို့ပဲ ပြောပြီး နေလာခဲ့တာ “တော်လှန်ရေးမှာ အတည်တကျ ဘယ်တော့မှ မရှိဘူး ဒီလိုပဲ သူများတွေ ယူနေကြတာပဲ” လို့ သူက ပြောတော့ “ဟင့်အင်း ကျွန်မ ကလေးကိုတော့ သူများကလေးလို နီတာရဲလေး ချီပြီး ဟိုပြေးဒီရွှေ့ မလုပ်နိုင်ဘူး” ဒါက ကျွန်မ ပါးစပ်က တကယ်ထွက်လာတဲ့ စကားတော့ မဟုတ်ပါဘူး စိတ်ထဲမှာပဲ အသံတိတ် ပြောနေတဲ့ စကားသာဖြစ်တယ်။ တကယ်ကလေးယူတော့မယ်လို့ စဉ်းစားလိုက်တဲ့အချိန်မှာ အခက်အခဲတွေ အများကြီးကို ကျွန်မရှေ့မှာ တန်းစီလျက်  မြင်လာပါတယ်။ တော်လှန်ရေးရဲ့ အခက်အခဲတွေကို  နောက်တန်းဆိုလည်း နောက်တန်း၊ ရှေ့တန်းဆိုလည်း ရှေ့တန်း အမျိုးသားတွေနဲ့ ရင်ဘောင်တန်းပြီး ရင်ဆိုင်နိုင်ပေမဲ့ ဒီလိုကြမ်းတမ်းတဲ့ ဘ၀ကြီးကို ရင်သွေးအထိတော့ အမွေမပေးခဲ့ချင်တာတော့ အမှန်ပါ။

၁၉၉၅-၉၆ နှစ်နှစ်အတွင်းမှာ ရန်သူက ABSDF ဗဟိုစခန်းချရာ နေရာတိုင်းကို လိုက်ပြီး နွေမိုးဆောင်း ရာသီမရွေး ထိုးစစ်တွေ ဆင်ခဲ့ပါတယ်။ တခါတော့ ၉၆ နှစ်ဦးပိုင်းခန့်က ကျွန်မတို့ မင်္ဂလာဆောင်ပြီး မကြာခင်မှာ ကရင်နီမှာ စခန်းချနေတဲ့ ကျွန်မတို့ ABSDF ဗဟိုကို  ရန်သူထိုးစစ်ဆင်တော့  ပြေးရင်းလွှားရင်းနဲ့ ဗဟိုဌာနချုပ် တပ်ဖွဲ့ဝင်တွေ အားလုံး ထိုင်းထဲက ကရင်နီ ဒုက္ခသည်စခန်း (3) အနီး တောထဲမှာ ခေတ္တခဏ သွားခိုနေခဲ့ရတယ်။ အဲဒီမှာ ကလေးသေးသေးလေးတွေနဲ့ မိခင်တွေလည်း ပါတယ်။ အဲဒီအချိန်မှာ အားလုံးကို ထိုင်းစစ်တပ်က ကားနဲ့မောင်းပြီး နယ်စပ်ကို အတင်းပြန်မောင်းပို့ ခံခဲ့ရဖူးတယ်။ ဘယ်မှာသွားသွန်လို့ သွန်မယ်မှန်းမသိဘဲ အပို့ခံခဲ့ရတဲ့အဖြစ်ကို ကျွန်မ ဘယ်လိုမှ မေ့လို့မရဘူး။ အကယ်၍များ ဒီလိုအချိန်မှာ ကျွန်မမှာသာ  မွေးခါစ ကလေးလေးတယောက် ရှိနေမယ်ဆိုရင် ကလေးနီနီရဲရဲလေးနဲ့ ဒီလို ရန်သူတက်လို့ ပြေးရ ထိုင်းပြန်သွန်တာကို ခံရနဲ့ ကြားထဲ ပြေးရင်းလွှားရင်း ပြောင်းရင်း ရွှေ့ရင်းနဲ့ ငှက်ဖျား၊ အပူဖျား (သို့) တခြား ရောဂါတခုခု ၀င်ပြီး ကလေး တခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ ဆိုတဲ့အတွေးကို ကျွန်မ ဘယ်လိုမှ အဖြေရှာလို့မရဘူး။

၁၉၉၇ နှစ်ဆန်းတုန်းကလည်း ကရင်နီ ဒုက္ခသည်စခန်း (၂) အနီးမှာ ကျွန်မတို့ ABSDCF အဖွဲ့တွေ သီးသန့်အ၀န်းအ၀ိုင်းလေးနဲ့ ခြံစည်းရိုးခတ်ပြီး နေရာသစ်မှာ စခန်းဆောက် နေထိုင်စဉ်က ညနှစ်နာရီကျော်မှာ ရန်သူက ရုတ်တရက် အနီးကပ် လာပစ်လို့ ထွက်ပြေးခဲ့ရဖူးတယ်။ ဒီအခြေအနေကို တွေးမိတိုင်း မြန်မာပြည်ပိုင်နက်မဟုတ် ထိုင်းပိုင်နက်ထဲမှာ ဒုက္ခသည်နေတွနဲ့အတူ နေတာတောင် ဒီလိုကြုံတွေ့ရတော့ ကလေးယူဖို့ ဘယ်လိုမှ မဖြစ်နိုင်သေးဘူး ဆိုတဲ့ အဖြေက ကျွန်မအတွက် ပိုခိုင်လုံနေပါတယ်။ အမျိုးသားကို တကယ်လို့ ကျွန်မတို့ ကလေးယူပြီး ဒီလိုဖြစ်လာရင် ဘယ်လိုလုပ်မလဲမေးတော့ “ဖြစ်လာမှတော့ ရင်ဆိုင်ရမှာပေါ့ လူများတွေလည်း ဒီလိုပဲ မွေးပြီး မျက်စိရှေ့မှာ ကြီးလာတဲ့ ကလေးတွေပဲ အများကြီးဖြစ်နေပြီပဲ" လို့ ပြောတော့ “ဟင့်အင်း ကျွန်မရင်သွေးကိုတော့ ကျွန်မ အဲဒီလို အဖြစ်မခံနိုင်ဘူး” ဆိုတဲ့ စကားကိုလည်း စကားလုံးအနေနဲ့ မဟုတ်ဘဲ သက်ပြင်းရှည်ကြီး တချက်အသွင်နဲ့ပဲ ထွက်လာပြန်တယ်။

  သို့သော်လည်း မိသားစုဘ၀ ရေရှည် စိုပြေသာယာဖို့ဆိုတာ ကလေးရှိဖို့လိုအပ်တယ်၊ လူသားမျိုးနွယ်ကို အမွေပေးဖို့ လူသားတိုင်းမှာ တာဝန်ရှိတယ်လို့လည်း ယူဆပါတယ်။ အတူ အိမ်ထောင်ကျတဲ့သူတွေရဲ့ ကလေးတွေက ကြီးလာပြီး စကားတွေ မပီတပီနဲ့ တီတီတာတာ ပြောတတ်နေတာကို သွားချီပြီး ချစ်လို့တတ်လာတဲ့အချိန် သူများကလေးကိုတောင် ဒီလောက်ချစ်နေရင် မိမိ ကိုယ်တိုင်ရဲ့ ကလေးဆိုရင်တော့ ဘယ်လောက်များချစ်မလဲ မသိဘူးလို့ တွေးပြီး ကိုယ်တိုင်ကလေးလေး တယောက်ရနေပုံကို စိတ်ကူးယဉ်ကြည့်ပြီး ကြည်နူးမိတာလည်း အကြိမ်ကြိမ်ပါပဲ။ ဒီလို မိခင်တယောက်ရဲ့ ဘ၀ကို စိတ်ကူးယဉ်ကြည့်တဲ့အခါမှာ တကယ်ပဲ လိုချင်လာပြီး ကျွန်မမှာ နောက်ဆုံးတော့ ကလေးယူရေးနဲ့ ပတ်သက်ပြီး အကြံကောင်းလေးတခု ရလို့ ယောက်ျားကို တိုင်ပင်မိတယ်။ ကျွန်မအကြံအစည်က ကျွန်မကလေးယူရင် နယ်စပ်မှာ မမွေးဘူး၊ ကလေးယူပြီး ကိုယ်ဝန် ၆ လ ပြည့်ပြီးတာနဲ့ တပ်ကခွင့်ယူပြီး မဲဆောက်မှာ ရှိတဲ့ ဆရာမစင်သီရာဆေးခန်းမှာ ကိုယ်ဝန်သွားအပ်ပြီး ကနေဒါမှာ ရှိတဲ့ညီမဆီက ပိုက်ဆံလှမ်းမှာပြီး မဲဆောက်မှာ ကိုယ့်စာရိတ်နဲ့ကိုယ် သွားမွေးမယ်။

ဒါဆိုရင် အနည်းဆုံး မွေးချိန်မှာတော့ ကလေးရောအမေရော အန္တရယ်ကင်းမှာ သေချာပါတယ်။ ဒီအတိုင်း သူများတွေလို တောထဲမှာ ရန်သူစစ်ကြောင်းထိုးလို့ ပြေးရင်းလွှားရင်း ပြောင်းရင်းရွှေ့ရင်း မွေးလို့တော့ ကလေးတခုခု ဖြစ်သွားနိုင်လို့ ဘယ်လိုမှ စိတ်မချနိုင်ဘူး၊ မွေးရင် တခုခုဖြစ်မယ်ဆိုတာလည်း ကျွန်မစိတ်ထဲမှာ တထစ်ချယုံကြည်နေပါတယ်။ ကျွန်မအမေက ကလေးမွေးရ သိပ်ခက်တယ်ဆိုတော့ ကျွန်မလည်း ဒီလိုပဲ ဖြစ်မှာ သေချာတယ်လို့ အမျိုးသားကို ပြောပြီး ကျွန်မပြောတာ ဘယ်လိုသဘောရလဲ မေးလိုက်မိတယ်။ သူက “တော်လိုက်တော့ မငယ် မင်းပြောတာ လုံးဝ အဓိပ္ပါယ်မရှိဘူး၊ သူများတွေ ဒီမှာ ဒီလိုပဲ ဒုက္ခခံပြီး မွေးလို့ရနေတာပဲ မင်းကျမှ မဲဆောက်မှာ သွားမွေးရလောက်အောင် မင်းကဘာကောင်လဲ တော်လှန်ရေးသမားမဟုတ်ဘူးလား တော်လှန်ရေးလုပ်ပြီး တော်လှန်ရေးစိတ်ဓါတ် မရှိဘူးလား” လို့ ခါးခါးသီးသီးပြောလို့ ကျွန်မလည်း “တော်လှန်ရေးက လူကြီးလုပ်တာလေ၊ ဗိုက်ထဲက ကလေးနဲ့ဘာဆိုင်လို့လဲ ကိုယ့်ဘက်က ရင်သွေးတယောက်အတွက် အန္တရယ်ကင်းအောင် လုံလောက်တဲ့ ပြင်ဆင်မှု တစုံတရာ မရှိဘဲနဲ့ ဖြစ်သလို ယူလိုက်လို့ မတော်တဆ တခုခု ဖြစ်သွားရင် ဒါမှမဟုတ် မသန်မစွမ်း မွေးလာရင် အဲဒါကျွန်မတို့မှာ တာဝန်ရှိတယ်။ ကလေးကို ကျွန်မတို့ရဲ့ ဒုက္ခ ဘ၀ကြမ်းကြီးကို မျှဝေမပေးနိုင်ပါဘူး၊ ဒီလောက်တောင် ဖြစ်နေရင်လည်း တော်လှန်ရေးပဲလုပ်တော့မယ် ကလေးမယူနဲ့တော့” လို့ပြောပြီး အခြေအတင် ဖြစ်ခဲ့တယ်။ ကျွန်မတို့လင်မယား ကလေးယူဖို့နဲ့ ပတ်သက်ပြီး အခြေအတင် စကားများပြီးနောက်ပိုင်း တပ်ထဲမှာ ရှိစဉ် တလျှောက်လုံး ကလေးမယူဖြစ်ခဲ့ဘူး။

နောက်ဆုံးတော့ ကျွန်မတို့ တော်လှန်ရေးမှာ လူထုအတွင်း နိုင်ငံရေး စစ်ရေးလုပ်ရှားဖို့ အခြေခံနယ်မြေဆိုတာ မရှိသလောက် ကျဉ်းလာပြီး နောက်တန်းမှာလည်း မြန်မာပိုင်နက်ထဲမှာ နေလို့မရ ထိုင်းက ဒုက္ခသည်စခန်းတွေအနီးမှာ လိုက်နေရသည့်တိုင် မလုံခြုံ၊ မိမိလုံခြုံရေးအတွက် လက်နက်လည်း ကိုင်လို့မရ လက်နက်ကိုင်ပြီး ဘာမှလုပ်လို့မရ။ နောက်ဆို မိသားစုတွေနဲ့ ကလေးတွေ ဒုက္ခသည် စခန်းထဲကို ပြောင်းရမယ်လို့ ဗဟိုကဆုံးဖြတ်လိုက်တဲ့အချိန်မှာ ဒီမှာ ဒုက္ခသည် အဖြစ်ခံမည့်အစား တိတယနိုင်ငံကို ထွက်ခွာကာ ပညာတခုခုကို သင်ယူရင်း အဖွဲ့အစည်းကို နိုင်သလောက် ပြန်ထောက်ပံ့တာကမှ ပိုပြီးအကျိုးရှိမယ်လို့ သုံးသပ်ပြီး ကျွန်မတို့ ဘန်ကောက်က UNHCR မှာ ဒုက္ခသည်လျှောက်ပြီး တတိယနိုင်ငံကို ထွက်ခွာဖို့ ဆုံးဖြတ်လိုက်တယ်။ အဖွဲ့အစည်းက လူကြီးတယောက်ကို မထွက်လာခင် နှုတ်ဆက်တော့ ကျွန်မ တပ်ကထွက်တာ ကလေးယူချင်လို့ထွက်တာလို့ ပွင့်ပွင့်လင်းလင်းပဲ ပြောခဲ့ပါတယ်။

 ကျွန်မတို့ ဘန်ကောက်မှာ UN လျှောက်တဲ့အချိန်က ကျွန်မတို့ မတိုင်ခင် လျှောက်ကြတဲ့ သူအတော်များများ Reject မကျပေမဲ့ Border Case ဆိုပြီး အထောက်အပံ့ မရခဲ့ဘဲ နယ်စပ်ကို ပြန်ဖို့တိုက်တွန်းခံရတဲ့အချိန်ဖြစ်နေပေမဲ့ ၉၉ နှစ်စမှာ ကျွန်မတို့ စလျှောက်တာနဲ့ ချက်ချင်း အောင်ခဲ့လို့ UN အထောက်အပံ့ကို ချက်ချင်းရခဲ့ပါတယ်။ ကျွန်မက ABSDF က ထွက်လာခဲ့ပေမဲ့ ABSDF တပ်ဖွဲ့ဝင်အမျိုးသမီး အများစုနဲ့ ဖွဲ့စည်းထားတဲ့ BWU (မြန်မာ့အမျိုးသမီးသမဂ္ဂ) မှာ လုပ်နေသေးတော့ ဘန်ကောက်မှာ ရှိနေစဉ် ကာလအတွင်း BWU ကို ကိုယ်စားပြုတဲ့ အစည်းအဝေးတချို့ကို လိုက်တက်နေရသေးတယ်။ UN နဲ့ တတိယနိုင်ငံကို ထွက်ဖို့ သံရုံးတွေကို လျှောက်လွှာတင်စဉ်က တတိယနိုင်ငံကို ထွက်ချင်ရတဲ့ အကြောင်းပြချက်ထဲမှာ ၈၈ က မပြီးပြတ်ခဲ့တဲ့ မိမိရဲ့ ပညာရေးကို ဆက်ချင်လို့ ဆိုတဲ့အချက်ကိုလည်း ကျွန်မဘိုင်အိုမှာ အဓိကအချက်အဖြစ် ထည့်ထားပါတယ်။ အဲဒီအချိန်က ဘန်ကောက်မှာ ရှိတဲ့ OSI (Open Society Institute) က အမေရိကန် အထက်တန်း (၁၂ တန်း) အဆင့် General Education Course တခုလည်း ဖွင့်ဖို့ရှိတယ်ဆိုတာ သိရတော့ မြန်မာပြည်မှာ အထက်တန်းပြီးတဲ့အဆင့် မတက်ခဲ့ရတဲ့ ကျွန်မ အဲဒီ Course ကို လျှောက်ဖို့ ရည်ရွယ်ထားခဲ့ပါတယ်။ ကြားကာလမှာလည်း BWU ကိုယ်စားပြုပြီး သွားတက်ထားတဲ့ အစည်းအဝေးတွေကနေ နောက်ထပ် အစည်းအဝေးတွေ ထပ်ဖိတ်ထားတာလည်း သုံးလေးခု ရှိနေတယ်။ ဒီကို့စ်မတိုင်ခင် အချိန်ရရင် အစည်းအဝေး တချို့ကို သွားတက်မယ် ကလေးကိုတော့ ဒီကို့စ်ပြီးမှ ယူမယ်လို့ ရည်ရွယ်ထားခဲ့ပါတယ်။

ဒီအချိန်မှာပဲ ခေါင်းတွေမူးဝေ အန်ပြီး စားမ၀င် သောက်မ၀င်နဲ့ နေမကောင်းဖြစ်လာလို့ ဘန်ကောက်မှာ UN က ဒုက္ခသည်တွေအတွက် ဖွင့်ထားပေးတဲ့ ဆေးခန်းမှာ သွားပြတော့ ဆီးစစ်ပေးတယ်။ ဆေးခန်းတာဝန်ခံ ဆရာမ မေကျော့နိုင်က “ရှိနေပြီ မငယ်ရေ” လို့ ပြောလိုက်တော့ ကျွန်မကို စနေတယ်ထင်ပြီး “ဘာကိုရှိရမလဲ၊ ဟုတ်ပါ့မလားဆရာမရယ် အခုမှ မလာတာ တလကျော်ရုံလေးပဲ ရှိသေးတယ် ခါတိုင်းလည်း ကျွန်မ အအိပ်အစားမမှန်ဖြစ်ရင် ဒီလိုသွေးထိန်တာ ခေါင်းမူးတာ အမြဲဖြစ်နေကျပဲ တခါတလေဆို သုံးလခန့်တောင် ကြာတယ် ဘာမှမရှိခဲ့ဘူး” လို့ ပြောလိုက်တယ်။ ဆရာမက “ဟယ် ဆရာဝန်က လူနာကို လိမ်တယ်ဆိုတာ ညည်းကြားဖူးလား ဟောဒီမှာကြည့်” ဆိုပြီး ဆီးစစ်တဲ့ အတံလေးကို ပြလိုက်တော့ ကျွန်မမှာ ကိုယ်ဝန်ရှိနေပြီဆိုတာကို သက်သေပြနေတဲ့ အနီကြောင်းလေး နှစ်ကြောင်းယှဉ်လျက် ကိုယ်တိုင် တွေ့လိုက်ရတဲ့အချိန်မှာ (ကိုယ်ဝန်မရှိရင် တကြောင်းပဲတွေ့ရ) မယုံကြည်နိုင်လောက်အောင် အံ့အားသင့်ပြီး  ခေါင်းမူးနေ မောပမ်းနွမ်းနယ်နေတာတွေ ဘယ်ရောက်လို့ ရောက်သွားမှန်းမသိ အမေဖြစ်ရတော့မယ်ဆိုတဲ့ အသိဟာ ကျွန်မကို ဘာနဲ့မှ တိုင်းတာလို့မရအောင် ကြည်နူးပီတိ ဖြစ်မိတာကိုတော့ ဘယ်တော့မှ မေ့မယ်မထင်ဘူး

ကျွန်မ ဗိုက်ထဲမှာ ရင်သွေးရှိနေပြီဆိုတာ သိပြီးနောက်ပိုင်း မွေးလာမဲ့ ကလေးအတွက် ဘာတွေ ပြင်ဆင်ရမယ်ဆိုတာကလွဲလို့ တခြားဘာဆိုဘာမှ ကျွန်မ စိတ်မ၀င်စားတော့ဘူး။ ကျောင်းတက်ဖို့ ကိစ္စ၊ BWU ကိုယ်စားပြုပြီး အမျိုးသမီး အစည်းအဝေးသွားဖို့ကစ္စ ခေါင်းထဲမှာ ဘာမှမရှိတော့ဘူး။ ကျွန်မ နောက်ဆုံးသွားခဲ့တဲ့ အိန္ဒိယမှာ ကျင်းပတဲ့ အမျိုးသမီး အစည်းအဝေးတခုကို တက်တုန်းက အမျိုးသမီးအဖွဲ့အစည်းတွေကို ငွေကြေးကူညီနေတဲ့ နယ်သာလန် အခြေစိုက် NGO အမျိုးသမီးအဖွဲ့အစည်း ကိုယ်စားလှယ် တယောက်နဲ့ တွေ့တော့ ကျွန်မက BWU ရဲ့ လှုပ်ရှားမှုတွေနဲ့ ပြောပြပြီးကျွန်မ  ဘန်ကောက်မှာ ရှိနေစဉ် ယာယီ ဘန်ကောက် BWU ရုံးခွဲပုံစံ လည်ပတ်ဖို့ အစီစဉ်ရှိကြောင်း သူ့ကို ပြောပြဖူးတယ်။ သူက ကျွန်မ ပြန်ခါနီးမှာ တကယ်လို့ ရုံးခွဲပုံစံလုပ်ရင် ကွန်ပြူတာဝယ်လို့ ရအောင်ဆိုပြီး လှူလိုက်တဲ့ ပိုက်ဆံတွေ အဲဒီအချိန်က ကျွန်မလက်ထဲမှာ ရှိနေပါတယ်။  ကိုယ်ဝန်ရသွားတော့ ဒါကို လုပ်ဖြစ်တော့မှာ မဟုတ်လို့ မဲဟောင်ဆောင်ရုံးမှာ ရှိတဲ့ BWU ဥက္ကဌ မဆူးပွင့်ဆီကို အကြောင်းကြားပြီး ကျွန်မမှာ ကိုယ်ဝန်ရှိနေပြီး တော်တော်နေမကောင်း ဖြစ်နေလို့ ရုံးခွဲလုပ်ဖို့ အစီစဉ်လည်း ဖြစ်နိုင်တော့မှာ မဟုတ်ဘူး ဒါကြောင့် ကျွန်မလက်ထဲမှာ ရှိတဲ့ ပိုက်ဆံတွေကို မဲဟောင်ဆောင်ကို ပို့လိုက်တော့မယ်ဆိုတာနဲ့ BWU က အလုပ်တွေ ဆက်လုပ်ဖို့ ဖြစ်တော့မှာ မဟုတ်ကြောင်း အကြောင်းကြားလိုက်ပါတယ်။ မဆူးပွင့်ကတော့ အဲဒီတုန်းက BWU ကို ဖိတ်ထားတဲ့ တောင်အာဖရီက၊ ဇင်ဘာဘွေနဲ့ ဖိလစ်ပိုင် နိုင်ငံမနီလာမှာ ကျင်းပမည့် အမျိုးသမီး နှီးနှောဖလှယ်ပွဲတွေကို ကျွန်မကို တက်စေချင်တဲ့ ဆန္ဒနဲ့ ရည်ရွယ်ပြီး "မငယ်က ကိုယ်ဝန် အစမို့လို့ပါ နောက်တလနှစ်လ ကြာရင် ပြန်သက်သာသွားလိမ့်မယ်၊ အစည်းအဝေးတွေကလည်း နောက် သုံးလေးလမှ ဆိုတော့ ကိုယ်ဝန်နဲ့ ခရီးသွားလာရင် လေဆိပ်မှာ အစစ်အဆေးတောင် နည်းသေးလို့ ပိုတောင်အန္တရယ်ကင်းသေးတယ်" လို့ ပြောပြီး အားပေးပါတယ်။ မဆူးပွင့်ထင်သလိုတော့ ကျွန်မက တလနှစ်လနဲ့ မသက်သာသွားခဲ့ဘူး အဲဒီအချိန်ကစပြီး အိပ်ရာမှာလဲနေတာ ၆ လ ခွဲခန့်မှပဲ စပြီး ထသွားထလာ နိုင်ပြီး လန်းဆန်းလာခဲ့ပါတယ်။

ကျွန်မ ပြန်လန်းဆန်းလာပြီးနောက်ပိုင်း ဘန်ကောက်ကနေ တတိယနိုင်ငံကို မထွက်ခွာခင် သွားနေရတဲ့ မနီလွိုင် Camp ထဲမ၀င်ခင် ဘန်ကောက်မှာလုပ်တဲ့ အမျိုးသမီးရေးရာနဲ့ ပတ်သက်တဲ့ အခမ်းနားတချို့ အစည်းအဝေးတချို့ကို ဗိုက်ကြီးတကားကားနဲ့ လိုက်တက်ဖြစ်သေးတယ်။ (19/06/99) မှာ ပြုလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့နဲ့ သုံးကြိမ်မြောက် မြန်မာနိုင်ငံ အမျိုးသမီးများနေ့ အခမ်းအနား အပြီး (21/07/99) မှာ Ratchaburi ခရိုင်မှာရှိတဲ့ နိုင်ငံခြားမသွားခင် နေရတဲ့ မနီလွိုင်စခန်း ထဲကို ၀င်ဖြစ်ပါတယ်။ ကလေးမွေးဖို့ Due Date က (12/07/99) ဖြစ်ပြီး တပတ်ခန့်တော့ နောက်ကျနိုင် စောနိုင်ပါတယ်။ ကလေးမွေးဖို့အမီ Camp ထဲ ၀င်လာခဲ့ပေမဲ့ Due Date ကျော်လာတော့ ကျန်းမာရေးအတွက် တာဝန်ယူနေတဲ့ အဖွဲ့အစည်း IRC ကဖွင့်ထားတဲ့ Camp ထဲက ဆေးခန်းမှာ သွားပြောပြတော့ ကလေးလှုပ်နေရင် စိုးရိမ်စရာ မလိုဘူး ဗိုက်နာမှ ကားစီစဉ်ပြီး ဆေးရုံပို့ပေးမယ်လို့ ပြောပါတယ်။ Due Date ကျော်လို့ နှစ်ပတ်နီးပါး ဖြစ်လာတဲ့အခါမှာလည်း ဗိုက်နာတဲ့ အရိပ်ယောင်က လုံးဝမပြတော့ ကျွန်မကလေးအတွက် စိုးရိမ်လာပြီး IRC မှာ ထပ်သွားပြောလည်း အထက်ကအတိုင်းပဲ ပြန်ပြောလိုက်တယ်။

အဲဒီအချိန်မှာတော့ ကျွန်မ မစိုးရိမ်ဘဲ မနေနိုင်တော့ဘူး ဗိုက်ရေ နာရင်လည်း မြန်မြန်သာနာပါတော့ ဆိုပြီး ကျွန်မထိုင်ငိုနေတော့တယ်။ အဲဒီအချိန်မှာ ကျွန်မအမျိုးသားကလည်း ဘာလုပ်လို့ လုပ်ရမှန်းမသိဘဲ သူနဲ့ခင်တဲ့ အရင်က ABSSDF ဗဟိုမှာ ကျန်းမာရေးတာဝန်ခံ ဖြစ်ခဲ့သူ တပ်ရင်း (၂၀၇) က ဒေါက်တာကျော်သက်ဦးကို အကြာင်းစုံ သွားပြောပြတယ်။ ဒေါက်တာ ကျော်သက်ဦးက ကျွန်မဆီ ရောက်လာတော့ ကျွန်မလည်း အကြောင်းစုံ ပြောပြတော့ အဲလောက်ကြာတဲ့အထိ ဗိုက်မနာတာ အကျိုးအကြောင်း သိရအောင် စမ်းသပ်သင့်တယ်လို့ IRC ဆေးခန်းမှာ ဒေါက်တာကျော်သက်ဦးက သွားအကြံပြုတော့ IRC ဆေးခန်းက ဆရာဝန်က ချက်ချင်းပဲ Ratchaburi ဆေးရုံသွားဖို့ ကားစီစဉ်ပေးတယ်။ ဆေးရုံမှာ စမ်းသပ်လိုက်တော့ ဗိုက်ထဲက ကလေးက ခေါင်းရော ခြေရော မွေးလမ်းကြောင်းကို ဦးမတည်နေဘဲ အပေါ်မှာ ရောက်နေလို့ ပုံမှန်အတိုင်း ခေါင်းနဲ့လည်း မွေးလို့မရ ခြေနဲ့လည်းမွေးလို့မဖြစ်ဘူး၊ ခွဲမွေးမှ ဖြစ်မယ်လို့ သိရတယ်။ ဗုဒ္ဓဟူးနေ့ညမှာ ဘာမှမစားဘဲနေပြီး ကြာသပတေးနေ့မနက်မှာ ခွဲပေးမယ် ဆေးရုံ ပြန်လာပါလို့ မှာလိုက်ပါတယ်။ ဒီကြားထဲ ဗိုက်နာရင် (သို့) သွေးဆင်းရင်လည်း ချက်ချင်းပြန်လာပါလို့ မှာလိုက်ပါတယ်။ ဒေါက်တာကျော်သက်ဦးတို့ မိသားစုကလည်း ကျွန်မကိစ္စ ပြောပေးပြီးနောက်နေ့မှာပဲ အမေရိကသွားဖို့ ဘန်ကောက်ကို တက်သွားလိုက်တာ နောက်ထပ် တခါမှ မတွေ့ဖြစ် အဆက်အသွယ်လည်း မရခဲ့လို့ အခုထိ ကျေးဇူးတင်စကား မပြောလိုက်ရဘူး။

ကြာသပတေးနေ့ကို စောင့်နေရင်းနဲ့ 24/07/99 ရက် စနေနေ့မနက်မှာတော့ အရည်လိုလို အချွဲလိုလို နည်းနည်း ဆင်းတာတွေ့လို့ သူတို့မှာထားသလို ဗိုက်နာတာ သွေးဆင်းတာလည်း မဟုတ်လို့ IRC ကို ချက်ချင်း သွားမပြောသေးဘဲ အခန်းနီးချင်းထဲက ကလေး များများ မွေးဖူးတဲ့ အသက်ကြီးကြီး အဒေါ်ကြီးယောက်ဆီ သွားပြီး အကျိုးအကြောင်း  ပြောပြကာ ဘာလုပ်ရင်ကောင်းမလဲဆိုတာ အကြံတောင် မတောင်းရသေးဘူး ကျွန်မ ပြောတာကို ကြားတာနဲ့ အဲဒီအဒေါ်က "နင်မကြာခင် ဗိုက်နာလာတော့မယ် သွားရင်း ကားထဲမှာတောင် နာလာနိုင်တယ်  မြန်မြန်သွားတော့ ဆေးခန်းမှာ သွားပြောပြပြီး ဆေးရုံသွားလိုက်တော့" လို့ ပြောတာနဲ့ ကျွန်မအမျိုးသားက သွားပြောပြတော့ ချက်ချင်းပဲ ကားစီစဉ်ပေးပြီးဆေးရုံကို ပို့ပေးပါတယ်။ ဆေးရုံရောက်တော့ လောလောဆယ် ခွဲမယ့်ဆရာဝန်မရှိလို့ မနက်ဖြန်မှ ခွဲမယ်လို့ ပြောတယ်။ ဒါကြောင့် နေ့လည်ဘက် Camp ထဲကို ကားပြန်တဲ့အချိန်မှာ အမျိုးသားရော လူနာစောင့် လုပ်ပေးမည့်သူငယ်ချင်းပါ ပြန်သွားပါတယ်။

ကျွန်မကို တနေကုန် ဘာမှမကျွေး၊ ဘာမှမတိုက်ဘူး၊ ကျွန်မလည်း ကိုယ်ဝန် ခုနှစ်လ ပြည့်ကတည်းက ကလေးမွေးရလွယ်တယ်ဆိုပြီး သူများလက်ဆောင်ပေးထားတဲ့ ဆင်မွေးလက်စွပ်တွေ လက်နှစ်ဘက်စလုံးမှာ ၀တ်ဆင်ထားတဲ့အပြင် အင်ဂုလိမာလ သုတ်ကိုလည်း ရတောဟံဘဂနိ နဲ့ စတဲ့တပိုဒ်တည်းကို စိတ်ထဲမှာ အဆက်မပြတ်ရွတ် ရွတ်ပြီး ဘယ်အချိန် ဗိုက်နာလာမလဲဆိုတာကိုပဲ ထိုင်စောင့်နေပေမဲ့ ဗိုက်က မနာလာဘူး။ မနက်ဖြန်မှ လာမယ်ထင်ထားတဲ့ ဆရာဝန်ရောက်လာလို့ ဒီနေ့ပဲ ခွဲဖို့ဆိုပြီး ညနေ ၆နာရီခွဲမှာ ကျွန်မကို ခွဲခန်းဆီ လာတွန်းသွားတဲ့အထိလည်း ဗိုက်မနာဘူး။ မေ့ဆေးပေးနေချိန်အထိလည်း မနာခဲ့ဘူး။ ကျွန်မပြန်သတိရတော့ ခွဲခန်းက တွန်းလာတဲ့ ကုတင်ပေါ်ကနေ Ward ထဲက ကုတင်ပေါ်ကို ကူးပြောင်းပေးနေကြတယ်။ ကျွန်မက နာတယ်ပြောတော့ ဆရာမတွေ အိပ်ဆေးပေးလိုက်လို့ ကျွန်မပြန်အိပ်ပျော်သွားတယ်။ မွေးတာ ဖူးချိုင် (ယောက်ျားလေး) ဆိုတာပဲ ပြောပြပြီးတော့ ကျွန်မနားမှာ လူနာစောင့်မရှိလို့ ကလေးကို ဆရာမတွေက တညလုံး ခေါ်ထားတယ်။ ဖူးချိုင်ဆိုတော့ ယောက်ျားလေးမွေးတယ် ဆိုတာတော့ သိလိုက်ပေမဲ့ ကျွန်မသားလေးကိုတော့ နောက်နေ့ ၂၅ ရက် မနက်မှာမှ ကျွန်မ စတွေ့ရပါတယ်။

မွေးခါစ ကလေးတွန်းလှည်းလေးထဲမှာ ပိတ်စိမ်းပိုင်းလေးနဲ့ ထုပ်ထားတဲ့ မျက်လုံးလေးနှစ်လုံးဖေါင်းပြီး ဘယ်ဘက် နားရွက်လေး တဘက် ကပ်နေပြီး ဗိုက်ဆာလို့ လျှာလေးတစ်လစ်တစ်လစ်နဲ့ လုပ်နေတဲ့ သားလေးကို တွေ့လိုက်ရတော့ ကလေးကို ဘယ်လို ချစ်ရမယ်ဆိုတာ ချက်ချင်းမသိသေးဘူး။ ဒါပေမဲ့ ကျွန်မအမေဖြစ်ပြီဆိုတဲ့ပီတိက ကိုယ်ဝန်ရပြီဆိုတာ သိရတဲ့အချိန်ကထက် ပိုပြီးလေးနက်လေးနက်တယ်လို့ ကျွန်မထင်မိတယ်။ ကပ်နေတဲ့ နားရွက်လေးက တသက်လုံး ဒီလိုပဲ ကပ်နေမယ်ထင်လို့ စိုးရိမ်ခဲ့ပေမဲ့ တရက်နှစ်ရက်အတွင်းမှာ နားရွက်လေးက သူ့အလိုလို ထွက်လာလို့ စိတ်အေးသွားတယ်။ သူ့ကို တကယ်မွေးပေးမယ်လို့ ပြောထားတဲ့ ကြာသပတေးနေ့မှာ ကျွန်မတို့ Camp ထဲ ပြန်လာခဲ့တယ်။ အဲဒီအချိန်မှာ သားဦးစနေ မီးလိုမွှေဆိုတာမျိုး မဖြစ်ရလေအောင် ဆိုပြီး ရှေးရိုးဆန်တဲ့ မိတ်ဆွေတချို့က ကျွန်မအမျိုးသားကို ဓါးထမ်းပြီး သားကိုယ်ပေါ်က ကျော်ခိုင်းဖို့ အကြံဥာဏ်လာပေးလို့ ဘယ်သူမှ ဓါးထမ်းပြီး ကျော်ဖို့မလိုအပ်ဘူးလို့ ပြောလိုက်ပါတယ်။ ကျွန်မက ကျွန်မသား မီးလိုမွှေမယ်ဆိုတဲ့ အယူသီးမှုမျိုးကိုသာ မယုံပေမဲ့ မဟာဘုတ်တွက်တော့ အဓိပဓိဖွားဖြစ်နေတာ သိရတော့ အဓိပတိဖွားဆိုရင် ကောင်းတယ်ဆိုတာကျတော့ မျက်နှာလိုက်ပြီး ယုံပြန်တယ်။


တကယ်တော့ ကျွန်မသားက မီးလိုမွှေဖို့ နေနေသာသာ ဒီသားလေးကို ကျွန်မရတာ ဗိုက်ခွဲမွေးရတော့ ပုံမှန်မွေးတဲ့ မိခင်တိုင်း ကြုံတွေ့ရတဲ့ မွေးဖွားချိန် Delivery Pain ဆိုတဲ့ အင်မတန်နာကျင်တယ်ဆိုတဲ့ ဗိုက်နာတဲ့ ဝေဒနာကို မခံစားဖူးဘူး။ ဗိုက်ထဲမှာတုန်းက ကလေးအနေအထား ပုံမှန်မဟုတ်လို့  ပုံမှန်မိခင်တွေလို ကိုယ်ဝန်လရင့်စဉ် ကလေးဦးခေါင်း ပေါင်ခွင်မှာ ဆင်းထောက်လို့ နာကျင်ပြီး လမ်းကြာကြာမလျှောက်နိုင်တဲ့ ဒုက္ခကို ကျွန်မ မခံစားလိုက်ရဘူး။ မွေးပြီးတဲ့အချိန် မီးတွင်းကာလမှာ တခြားပုံမှန်မွေးတဲ့ မိခင်တွေလို ယောနိမှာ စုတ်ပြတ်တာတွေ (ဒါမှမဟုတ်) ချုပ်ရတာတွေ ဖြစ်လို့ အင်မတန်နာကျင်ပြီး ဆီးသွားရင် တော်တော်လေး ဒုက္ခရောက်တဲ့ ပြဿနာတွေလိုမျိုးကို ကျွန်မ မခံစားခဲ့ရဘူး။ ဗိုက်ထဲမှာတုန်းကတောင် အမေကို ဒုက္ခ္ခ္ခလုံးဝ မပေးခဲ့တဲ့ သားက အပြင်ရောက်လာလည်း မီးလိုမွှေပြီး ဒုက္ခပေးဖို့ မရှိနိုင်ဘူးဆိုတာ လုံးဝယုံပါတယ်။ 

ဒါပေမဲ့လည်း သူ့ကို မွေးတဲ့ July 24 ဆိုတာ နယ်စပ်မှာသာဆိုရင်တော့  မိုးတွင်းခရီးသွားလာလို့မရတော့ ရိက္ခာကို တမိုးလုံးစာသိုထားပြီး ထားရတဲ့အချိန်၊ စခန်းရှိတဲ့နေရာနဲ့ မြို့နဲ့ကြားမှာ ရှိတဲ့ စမ်းချောင်းတွေအထဲမှာ တောင်ကျရေနီတွေ အပြည့်နဲ့ ဒလဟော စီးဆင်းနေပြီး ကားဘယ်လိုမှ ၀င်လို့ ထွက်လို့မရတဲ့အချိန် ဖြစ်လို့ သားလေးကို မွေးတဲ့အချိန်ထိ ကျွန်မတို့နယ်စပ်မှာ နောက်ဆုံးနေလာခဲ့တဲ့ မယ်ရယ်ဒုက္ခသည်စခန်းအနီးက ဗဟိုမှာသာ ရှိခဲ့ရင် သားလေးကလည်း လူ့လောကထဲကို ရောက်လာမှာမဟုတ်သလို ကျွန်မလည်း အခုချိန်မှာ ဒီလို စာရိုက်နေနိုင်မှာမဟုတ်ဘူးဆိုတာ တွေးမိပြီး သားလေးအတွက် ကျွန်မတို့ရွေးချယ်တဲ့ လမ်းမှန်ခဲ့တယ်လို့ သုံးသပ်လိုက်ပါတယ်။ ကျွန်မသားကို ကျွန်မ တော်လှန်ရေး နယ်မြေကနေ တတိယနိုင်ငံကို ဘာကြောင့် ထွက်လာရတယ်ဆိုတာ အမြဲပဲ ပြောပြပါတယ်။

သားလေးကို ဘာသာတရား ကိုင်းရှိုင်းပြီး စိတ်သဘောထား သန့်ရှင်းဖြူစင်သန့်ရှင်းကာ အများအကျိုးဆောင်နိုင်တဲ့ ပုဂ္ဂိုလ်တဦး ဖြစ်လာပါစေလို့ပဲ ဆုတောင်းပေးပါတယ်။


25/07/10, ဖြည့်စွက်ချက်

ဆစ်ဒနီမြို့ သာသနာ့ဓဇ ဘုန်းတော်ကြီးကျောင်းရဲ့ ၀ါဆိုလပြည့်နေ့ 25/07/10 မှာ ပြုလုပ်တဲ့ ဓမ္မစင်္ကြာနေ့နဲ့ ၀ါဆိုသင်္ဃန်းကပ်လှူ ပူဇော်ပွဲမှာ ၁၁ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် ၀ါဆိုသင်္ဃန်း ကပ်လှူပူဇော်နေစဉ်


အဖေအရပ်ကို မီတော့မယ်။ပြီးခဲ့တဲ့နှစ်အခုလိုအချိန်က သူ့အရပ်က ကျွန်မမျက်ခုံးအထိ ရှိပြီး ဒီနှစ်မှာတော့ တွေ့တဲ့အတိုင်းပဲ ကျွန်မအရပ်က သူ့မျက်ခုံးအထိ ဖြစ်နေတယ်။ နောက်နှစ်ဒီလိုအချိန်မှာ ကျွန်မ သူ့အရပ်ကို ဘယ်အထိရှိနေမလဲ မသိဘူး။
ပြီးခဲ့တဲ့နှစ်က သားလေးမွေးနေ့ အမှတ်တရပို့စ် ကိုလည်း ဒီနေရာမှာ တင်ထားပါတယ်။ သားလေးအတွက် မွေးနေ့ကုသိုလ်အဖြစ် သားလေးကို မွေးတဲ့ ထိုင်းစံတော်ချိန် ၇ နာရီ ၁၃ မိနှစ်တိတိမှာ ဘုရားရှိခိုးပြီး ဂုဏ်တော်တွေ၊ ဓမ္မစင်္ကြာ၊ ပဌါန်းတွေကို ရွတ်လိုက်ပါဦးမယ်။




ရွှင်လန်းချမ်းမြေ့ကြပါစေ။

26 comments:

Happy Birthday ပါ သားသား ရေ

မငယ်နိုင်ရေ အမေဖြစ်ခွင့်ရတာ တကယ် ကံကောင်းတယ်။
မအယ်တို့တော့
ကလေးမွေးမယ့် အရွယ်မှာ မမွေးနိုင်ခဲ့တော့ ကလေးနဲ့ ကြည်နူးရမယ့်အချိန်ကြတော့ ဟိုဟာပဲ ဝါသနာပါသလိုလို ဒီဟာတွေပဲ လုပ်ချင်သလိုလိုနဲ့ ဟောဘီတွေပဲ များသလိုလို ဖြစ်နေရော။

မငယ်နိုင်သားလေး ကျန်းမာပျော်ရွှင်ပြီး မငယ်တောင်းပေးတဲ့ ဆုတွေနဲ့ ပြည့်ပါစေလို့။

မအယ်

သားသားအတွက် Happy Birthday ဖြစ်ပါစေလို့  ဆုတောင်း ပေးလိုက်ပါတယ် အမရေ...

အမရေးထားတာတွေဖတ်ရတာ အသက်တောင်ရှူဖို့ မေ့နေတယ်၊၊ ညီမက ကလေးမွေးရတဲ့ဒုက်ခတို့  နာကျင်မှာတို့ ကို အရမ်းကြောက်တော့ ကလေးမွေးရ မှာ မတွေးရဲဘူး၊၊ ဘယ်တော့မှ ယူဖြစ်မယ်လို့ လည်း မထင်ပါဘူး၊၊

အမတို့  မိသားစုမခွဲမခွာရဘဲ ပျော်ရွှင်ချမ်းမြေ့ပါစေလို့  ဆန်ဒပြုပါတယ်၊၊ သားသားအမြဲကံကောင်းပါစေပြီး မိဘအတွက် ရတနာ၊ တိုင်းပြည်အတွက် ရတနာ ဖြစ်ပါစေလို့ ၊၊

ညို

မငယ်ရဲ့ သားအတွက် Happy Birthday ပါ

သားလေး ပညာတွေအများကြီးတတ်ပြီး မိဘကို စောင့်ရှောက်တဲ့ သားကောင်း ရတနာ ၊ အများအကျိုး ကူညီသယ်ပိုးတဲ့ သားကောင်းရတနာ ဖြစ်ပါစေလို. ဆုတောင်းပေးပါတယ်

မငယ်နှင့် မိသားစု ကျန်းမာရွှင်လန်းပါစေ၊

ခင်မင်စွာဖြင့်

ကကစ

HAPPY BIRTHDAY ပါ ကလေးလေးရေ...

Happy Birthday သားသားရေ
သားချစ်တဲ့ မေမေ တောင်းဆုတွေ ပြည့်ပါစေ ထပ်ဆင့်ဆုတောင်းသွားပါတယ်

ဟိုဟာပဲ ဝါသနာပါသလိုလို ဒီဟာတွေပဲ လုပ်ချင်သလိုလိုနဲ့ ဟောဘီတွေပဲ များသလိုလို ဖြစ်နေရော။
မအယ်ရေ မအယ်က ပေါ့ သွားအောင်ပြောလိုက်ပေမယ့်  အဲဒီစကားလုံးတွေ မှာလေးနက်မှုတွေ ပါနေတယ်ဆိုတာ ကျွန်တော်သိနေသလိုပဲ

ကညော

ကျန်သွားလို့  ၁၁နှစ်ပြည့် ပြီဆိုတဲ့  မငယ်ရဲ့  သားလေး(နိုင်ငံရဲ့ မျိုးဆက်သစ်) မြန်မာပြည်ကအခြေခံ လူတန်းစားဘ၀ကို သဘောပေါက်ပြီး မိဘခြေရာနင်းနိုင်ပါစေလို့ ......

ကညော

သားလေး(နိုင်ငံရဲ့ မျိုးဆက်သစ်) မြန်မာပြည်ကအခြေခံ လူတန်းစားဘ၀ကို သဘောပေါက်ပြီး မိဘခြေရာနင်းနိုင်ပါစေလို့ ......

ခက်ပ ကညောရယ်။ စာကိုသေချာဖတ်.

တို့တုန်းက ခလေးမွေးပြီးပြီးချင်း တကိုယ်လုံးချမ်းပြီး
အသားတွေတုန်နေလို့ ကိုယ့်သမီးမျက်နှာတောင် ကိုယ် မကြည့်နိုင်ဘူး ညီမ... အမ တို့ ဆွေမျိုးထဲမှာလည်း သားဦး စနေဖွား တယောက် ရှိတယ် ... အဲ တယောက်က အရမ်းလိမ္မာ ပြီး ခု မိန်းမ ယူပြီးတဲ့ အထိ မိဘကို ထောက်ပံ့ ကြည့်ရှုနေတုန်း...
ညီမရဲ့  သားလေး လူရည်ချွန် ကြီး တယောက် ဖြစ်ပါစေ ...


mie nge

သားရဲ့မွေးနေ့မှာ သားနဲ့အတူ မငယ်တို့ဇနီးမောင်နှံ ပျော်ရွှင်စွာ ဖြတ်သန်းခဲ့မယ်လို့ ယုံကြည်ပါတယ်။ =)

မငယ်ရေ ခလေးရဲ့ ဤမွေးနေ့မှာ မငယ်ဖြစ်ချင်တဲ့ တောင်းထားတဲ့ ဆုတွေနဲ့ အားလုံးပြည့်ဝ ပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ်ဗျာ .....

24 Jul 10, 23:07
လေးသည်တော်: အစ်မငယ်ရေ အစ်မငယ်သားလေးအတွက် happy birthday ပါနော်။
25 Jul 10, 14:28
ခြင်္သေ့: မင်္ဂလာပါဘလော့ပိုင်ရှင်မမရဲ့ကလေးမွေးနေ့မှာကလေးဟာဗုဒ္ဓရဲ့အဆုံးမတရားတိုကိုယခုမှစနောင်နှစ်များစွာတိုင်နာယူနိုင်ပါစေကြာင်းတောင်းဆုပြုပါတယ်။ :cool:
(C-Box ထဲက ကူးလာပါတယ်။)

C-Box ထဲမှာရော မှတ်ချက်ထဲမှာပါ သားအတွက် ဆုတောင်းပေးသွားသူ အားလုံးကို ကျေးဇူးတင်ပါတယ်။

မအယ်ရေ အိမ်ထောင်ရှိပြီး ကလေးမရှိရင် အိမ်ထောင်သည် ဖြစ်ရရှုံးတယ်နော့်။

ညို- မိခင်မေတ္တာဆိုတာ ကိုယ်တိုင် ကလေးရဖူးမှ သိပါတယ်။ မိခင်တိုင်း ရင်ဆိုင်ရမည့် ဒုက္ခကို ကြောက်မနေပါနဲ့။ ကလေးယူသာ ယူလိုက်ပါလို့ တိုက်တွန်းပါတယ်။ ဆုတောင်းအတွက် ကျေးဇူး ပေးတဲ့ဆုနဲ့ ပြည့်ပါစေ။

Anonymous (July 25, 2010 8:53 AM) ရေ မုဒိတာပွားနိုင်ပါစေ။

မမီးငယ်ရေ ကျွန်မက Superstition ကို မယုံမဟုတ်ဘူး ကောင်းတဲ့ဘက်ကဆိုရင် ယုံတယ်။ အကျိုးပျက်စေတဲ့ Superstition ဆိုရင် ဂုဏ်တော်တွေ သမ္ဗုဒ္ဓေတွေနဲ့ ပျောက်အောင်လုပ်လိုက်တယ်။

မမသီရိ၊ ကိုကိုစန်း၊ ကိုဇော်၊ ကိုဧရာ+မသီတာ၊ ကညော၊ ကိုဂျူလိုင်၊ ကိုဇော် (ခြေလှမ်းသစ်) ခြင်္သေ့နဲ့ လေးသည်တော် တို့ဆုတောင်းတွေအတွက် ကျေးဇူးတင်ပါတယ်။ ပေးတဲ့ဆုနဲ့ ပြည့်ပါစေ။

သားလေးအတွက် happy birthday ပါ မငယ်နိုင်ရေ။

အမရေ..

ဓါတ်ပုံတွေကြည့်နေတဲ့အချိန်မှာ ခံစားမှု့ နှစ်မျိုး တပြိုင်နက် ခံစားရပါတယ်၊၊ အမတို့ မိသားစုလေး အေးအေးချမ်းချမ်း သာသာယာယာနဲ့ အခုလိုနေနိုင်လို့  ၀မ်းသာကြည်နှူးရပါတယ်၊၊
နောက်တစ်ခုက အမတို့ တွေ တောထဲမှာ တုန်းက တိုင်းပြည်ချစ်တဲ့စိတ်နဲ့ ပင်ပန်းဆင်းရဲ ခဲ့တာတွေ၊ ဒုက်ခရောက်ခဲ့တာတွေကို သိရတော့ အရမ်းခံစား ရပါတယ်၊၊ အမတို့ တွေ တိုင်းပြည်အတွက် တတ်စွမ်း သရွေ့ ကြိုးစားလုပ်ကိုင်ခဲ့ကြတယ်၊၊ လူတိုင်းမလုပ်နိုင် တဲ့ အရာတွေကို ဘ၀တွေ၊ အချိန်တွေ ပေးဆပ်ပြီး လုပ်ဆောင်ခဲ့ကြတာတွေ အတွက် ညီမတို့  ပြည်သူ တွေက အမြဲဂုဏ်ယူနေမှာပါအမရယ်၊၊ အင်မတန်ခံစား ရလို့ ထပ်ရေးလိုက်တာပါအမ၊၊

အမတို့ မိသားစုလေး ထာဝရပျော်ရွှင်ပါစေလို့ ၊၊

ညို

Happy birthday ပါ သားသားရေ...
အစ်မရဲ့စာထဲ မှာ မိခင်တစ်ယောက်ရဲ့ အတိုင်းမသိတဲ့
ချစ်ခြင်းမေတ္တာ ကိုတွေ့မြင်ရပါတယ်...

အလည်လွန်နေလို့ ခုမှ ဆုတောင်းရပါတယ်.. သားသားရေ..
မင်္ဂလာမွေးနေ့များစွာ ဖေဖေ မေမေတို့နဲ့အတူ နှစ်များစွာတိုင် ပျော်ရွှင်စွာ ဖြတ်သန်းရပါစေ....

Blog owner၊ အမြင်မတူတာတွေရှိပေမဲ့ အခုလို အပြစ်မဲ့တဲ့ ကလေးလေးတစ်ယောက် ဘေးကင်းရာ အခွင့်အလမ်းတွေ ပညာသင်ကြားခွင့်တွေ အပြည့်အဝ ရတဲ့နေရာ မှာ အေးအေးချမ်းသာ နေနေရတာ တွေ့ရတာ အရမ်းပဲဝမ်းမြောက်မိပါတယ်။ နို့မို့ဆို သူ့ခမျာ နယ်စပ်မှာနေလိုက် တောထဲမှာနေလိုက်နဲ့ ကြီးပြင်းလာရမှာလေ။ တကယ်ပါ။ အတိုင်းမသိ ဝမ်းသာပြီး မုဒိတာပွါးမိပါတယ်။
တဆက်တည်းအနေနဲ့ Blog owner တို့သာ တကယ်တိုင်းပြည်နဲ့လူုမျိုးအပေါ်မှာ သစ္စာရှိသူ၊ စိတ်ထားမသေးသိမ်ပဲ၊ အကြံအဖန်မဟုတ်ပဲ တကယ်လုပ်သူမှန်ပါစေ Aubergine လုံးဝမမုန်းပါ။ အမြင်ချင်းမတူတာ ညှိနှိုင်းအဖြေရှာလို့ရပါတယ်။ သို့သော် စိတ်ဓါတ်အောက်တန်းကျနေပြီဆိုရင် တော့ညှိနှိုင်းဖို့ မလွယ်ပါ။
ကလေးလေးနဲ့ ပါက်သက်ပြီးတစ်ခု တိုက်တွန်း လိုတာက ဒီကလေးဟာ နိုင်ငံရပ်ခြားမှာ ကြီးပြင်းရတော့မှာဖြစ်လို့ မြန်မာနိုင်ငံအပေါ်သံယောဇဉ်စိတ်၊ မြန်မာလူထုကိုချစ်တဲ့စိတ်၊ တိုင်းပြည်အကျိုးကို အခွင့်သာတဲ့အခါသယ်ပိုးချင်လိုစိတ်များ ဖြစ်ပေါ်လာအောင်တော့ Blog owner တို့မောင်နှံတတ်အားသရွေ့ လုပ်ပေးပါလို့။ လုပ်လိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။

aubergine

Happy Birthday ပါ သားသား။

ကလေးက လိမ္မာမယ့်ပုံပါ။
အခုလို အေးချမ်းစွာ ပြုစုပျိုးထောင်ခွင့်ရတာ သိပ်ကံကောင်းပါတယ်။
မိခင်စိတ်ကို စာနာ နားလည်ပေးနိုင်ပေမယ့်၊ မငယ်နိုင် အမျိုးသားရဲ့ အခွင့်အရေး မယူလိုမှု၊ အခြား တော်လှန်ရေးရဲဘော်များလိုပဲ တူညီစွာ သားသမီးယူ၊ ပြုစုပျိုးထောင်လိုစိတ်ရှိမှုကို ပိုလေးစားမိတယ်။
မြန်မာဆန်ရမယ်၊ မြန်မာမှမြန်မာ ဆိုတဲ့ စိတ်မျိုးကို ရိုက်သွင်းဖို့ထက်၊ မြန်မာတွေရဲ့ ဓလေ့၊စရိုက်၊ ယဉ်ကျေးမှုနဲ့ စံနှုံးတွေကို လေးစားတန်ဖိုးထားပြီး၊ လူမျိုးဘာသာမရွေး တကမ္ဘာလုံးဘယ်ရောက်ရောက် လိုက်လျောညီထွေစွာ၊ လူပီသစွာကျင့်ကြံနိုင်တဲ့ သားတစ်ယောက်ဖြစ်အောင် ပြုစုပျိုးထောင်နိုင်ပါစေ။

သားသားအတွက် ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေလို့ ဆုတောင်းရင်း၊ အမကိုလည်း သာယာတဲ့မိသားစုဘ၀လေးကို ပိုင်ဆိုင် ခွင့်ရပါစေလို့ ထပ်ဆုတောင်းပေး ပါတယ်။

သားအတွက် လာဆုတောင်းပေးသူများ အားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ်။ နေ့ကြီးရက်ကြီးတွေ သုံးလေးရက် ဆက်တိုက်ဖြစ်သွားလို့ လာလည်သူတွေကို အခုမှပဲ အကြောင်းပြန်ဖြစ်တာ ဆောရီးပါ။

ညိုရေ တောထဲမှာ ဖြတ်သန်းလာတာတွေကို မိမိကိုယ်တိုင်အတွက်တော့ အခက်အခဲအဖြစ်ပဲ သဘောထားပေမဲ့ ကလေးအတွက်ပဲ ဒုက္ခအဖြစ် မှတ်ယူလို့ အစ်မတို့ ဒီလမ်းကို ကလေးအတွက် ရွေးချယ်ခဲ့တာပါ။ Appreciation အတွက် ၀မ်းသာပါတယ်။

တချိန်လုံး ကန့်လန့်လာတိုက်နေတဲ့ aubergine ဆီက ရှားရှားပါးပါး ရလိုက်တဲ့ မုဒိတာအတွက် တကယ်ကို ၀မ်းမြောက်ဝမ်းသာ ပီတိဖြစ်မိပါတယ်။ အကြံအဖန် ဟုတ်မဟုတ် မပြောလိုဘူး၊ ဆယ်နှစ်တိတိ အသက်နဲ့ ရင်းပြီး ပေးခဲ့တဲ့အချိန်တွေဟာ မိမိကိုယ်ကျိုးအတွက် ရစရာ ဘာမှ မရှိခဲ့ပါဘူး။ အခု ဆယ်နှစ်နောက်ပိုင်းလည်း ဒီမှာအေးအေးဆေးဆေး ကိုယ့်ဘ၀အတွက်ပဲ ကိုယ်ကြည့်ပြီး တိုင်းပြည်မှာ ဖြစ်နေတာကို လျစ်လျူရှုပြီး နေလို့ရသားနဲ့ မနေနိုင်မထိုင်နိုင်နဲ့ နိုင်ရာလေးတွေ လိုက်လုပ်နေတာတွေ အားလုံးဟာ ပေးစရာ၊ ကုန်စရာ လက်ထဲက ပါသွားတာပဲ ရှိပါတယ်၊ မိမိရတာ ဘာမှမရှိပါဘူး။ အကြံအဖန်လုပ်ပြီးလည်း အသက်မမွေးပါဘူး မိမိချွေးနည်းစာနဲ့ လုပ်လို့ရတဲ့ လုပ်စာနဲ့ပဲ အသက်မွေးပါတယ်။ ကျွန်မတို့ အတတ်နိုင်ဆုံး မြန်မာ့ဓလေ့နဲ့ နီးစပ်အောင် ကြိုးစားပါတယ်။ ဒါပေမဲ့ မြန်မာလူမျိုးတွေဟာ စိတ်တိုစရာ မဟုတ်ဘဲ စိတ်တိုပြီး ဒေါ်သသိပ်ကြီးကာ နည်းနည်းဆို ဆဲဆို ထိုးကြိတ်ရန်ဖြစ်တတ်တာ၊ မာန်မာန သိပ်ထောင်လွှားတာကိုတော့ သားကို ကျွန်မတို့ ဘယ်လိုမှ ဖုံးကွယ်လို့မရဘူး။ ကလေးအတွက် ထားရှိတဲ့ စေတနာအတွက် ကျေးဇူးတင်ပါတယ်။

ကိုကျော်ထင် သားအတွက် အကြံပြုတာကို လက်ခံတယ် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကိုကျော်ထင် မှတ်ချက်မှာ အမျိုးသားက အခွင့်အရေး မယူတတ်သူဆိုတော့ ကျွန်မက အဖွဲ့အစည်းက အခွင့်အရေးယူသူ ဖြစ်သွားတယ်။ ကျွန်မ ပြောခဲ့တာ ကိုကျော်ထင် နားလည်မှု လွဲနေတယ်။ ကျွန်မက အဖွဲ့အစည်းရဲ့ အခွင့်အရေးကိုယူဖို့ ပြောခဲ့တာမဟုတ်ဘူး။ ကိုယ့်စာရိတ်နဲ့ကိုယ် သွားမွေးဖို့ပဲ ပြောတာ။ အဖွဲ့အစည်း စာရိတ်နဲ့သွားဖို့လည်း အဖွဲ့အစည်းက ကျွန်မတယောက်တည်းကို သီးသန့် အခွင့်အရေး ပိုပေးစရာအကြောင်း မရှိပါဘူး။ ကျွန်မ ဒီလိုသွားမွေးရင် အဖွဲ့အစည်းက အခွင့်အရေး မယူတဲ့အပြင် အဖွဲ့အစည်းက ၀န်ထုတ်ဝန်ပိုးပဲ ပိုပြီးပေါ့သွားသေးတယ်။ ကျွန်မ အိုင်ဒီယာက လူဆိုတာ အစီစဉ် ရှိသင့်ပါတယ်။ First Aid မှာ Danger ပြီးမှ Respond လာသလို ဘာပဲလုပ်လုပ် မိမိ Safety ရှိမှ တခြားကို ဆက်လုပ်လို့ရမယ်။ မိဘလုပ်သူတွေဟာ လူ့လောကထဲ ရောက်လာမယ့် ကလေးတဦးကို စိတ်ချ လုံခြုံမှု မရှိတဲ့အနေထား ရှိမှ ကြိုဆိုသင့်တယ်။ မိဘလုပ်တဲ့အလုပ်ဟာ ကလေးကို ထိခိုက်စေတယ်ဆိုတာ ကလေးအတွက် မတရားဘူး။ သူကြီးလာတဲ့အချိန် သူ့ဆုံးဖြတ်ချက်နဲ့သူ ဘာပဲလုပ်လုပ် အကြောင်းမဟုတ်ဘူး။ ကလေးဘ၀မှာ လုံခြုံစိတ်ချရတဲ့ ဘ၀တခုကို ဖန်တီးပေးဖို့ မိဘကတာဝန် အပြည့်ရှိပါတယ်လို့ ကျွန်မသတ်မှတ်ပါတယ်။

မပန်ဒိုရာ၊ ဆရာမမေငြိမ်း၊ မောင်လေး၊ AATO နဲ့ အနမ်းတို့ကိုတော့ နှလုံးသားချင်း နားလည်သူများလို့ သဘောထားပြီး ထွေထွေထူးထူး မပြောတော့ဘူးနော့်။

ဝါတွင်းကာလမှာ ရွှင်လန်းချမ်းမြေ့စွာနဲ့ ကုသိုလ်ပြုနိုင်ကြပါစေ။

မငယ်ရေ... တော်တော်နောက်ကျနေတဲ့ မွေးနေ့ဆုတောင်းအတွက် စိတ်မရှိပါနဲ့နော်...

သားလေး ကျန်းမာ ပြီး အသိဥာဏ်ပညာ ထူးချွန် ပြည့်စုံတဲ့ သားလေးတယောက်ဖြစ်ပါစေလို့ ဆုတောင်းပါတယ်...။

နောက်ထပ် ပိုစ်.အဟောင်းလေးတွေလည်း အသစ်လုပ်ပြီး ပြန်တင်ပေးပါအုံး
မငယ်နိုင်အားနေတာပဲ

ရုရှားက စစ်ဗိုလ် ပညာတော်သင် ဆိုတဲ့ ယောကျာ်းရင့်မကြီးတွေက သူတို့အမေ အရွယ်၊ အဒေါ် အရွယ်လောက် ရှိတဲ့ အမျိုးသမီးတယောက်ကို ဝိုင်းတိုက်နေလိုက်တာ အံ့သြကုန်နိုင်ဘွယ်ပါဘဲ ...
ရုရှားက စစ်ဗိုလ်တွေ လူ့ ကျင့်ဝတ်ကို မလိုက်နာတာက ကမ်းကုန်တယ် ...

ငယ်နိုင်လမ်း ကဗျာစာသားတွေ မှန်တယ်ဆိုတာကို ရုရှားက စစ်ဗိုလ်တွေက နေ့ တိုင်းနီးပါး လာပြီး သက်သေပြနေတာကိုး ...



ဒီမနက် တမနက်ထဲမှာ ရုရှားက စစ်ဗိုလ်တွေက မငယ်နိုင်ရဲ့ ပို့ စ် ပေါင်းစုံမှာ -

(၁) mg (၂) Anonymous (July 27, 2011 4:01 AM) (၃) ဟာဂျီအဗ္ဗဒူလ်မိုဟာမက်ဒီနစ်ဘိုင် (July 27, 2011 4:02 AM) (၄) Anonymous (July 27, 2011 4:05 AM) (၅) ဟာဂျီအဗ္ဗဒူလ်မိုဟာမက်ဒီနစ်ဘိုင် (July 27, 2011 4:05 AM) (၆) ဦးသူတော် (၇) Anonymous (July 27, 2011 4:10 AM) (၈) Anonymous (July 27, 2011 4:12 AM) (၉) Anonymous (July 27, 2011 4:13 AM) (၁ဝ) အိုပါး (ခေတ္တကိုရီးယား) (၁၁) ဘိုဘိုလွင်

ဆိုတဲ့ နာမည်တွေကို သုံးပြီး မငယ်နိုင်ကို ပက်ပက်စက်စက် ဆဲတာတွေ၊ မိုက်မိုက်ရိုင်းရိုင်း ပုတ်ခတ်တာတွေ၊ မမှန်သတင်း ရေးတာတွေ၊ အရေမရအဖတ်မရ ပေါတောတော ပေါက်ကရ ရေးတာတွေ လုပ်သွားပြန်ပြီ ...

ရုရှားက စစ်ဗိုလ် ပညာတော်သင်တွေက သူတို့အမေ အရွယ်၊ အဒေါ် အရွယ်လောက် ရှိတဲ့ မငယ်နိုင်ကို ဝိုင်းတိုက်နေလိုက်တာ ပြောမယုံ ကြုံဘူးမှသိရတော့တယ် ...



((( ခွေးအုပ်မှာ တရာ၊ နှစ်ရာ၊ ငယ်နိုင်ဟာ တကိုယ်ထဲ
ခွေးဟောင်သံ ကြံ့ကြံ့ခံလို့
ငယ်နိုင်မှန် အံကိုခဲ၊ ပန်းပန်လျက်ပဲ။ )))

ဆိုတဲ့ ကိုစစ်နိုင် ရဲ့ ငယ်နိုင်လမ်း ကဗျာထဲက ကဗျာစာသား အတိုင်းကို ဖြစ်နေတော့တာဘဲ ...

ဒီမိုကရေစီလိုလားသူ ကိုစစ်နိုင်က ဒီမိုကရေစီ တိုက်ပွဲကို ကိုယ်ကျိုးမဖက် တက်တက်ကြွကြွ ဆင်နွှဲလာတဲ့ မငယ်နိုင်ကို ဂုဏ်ပြုပြီး စပ်ဆိုထားတဲ့ "ပန်းပန်လျက်ပဲ" သို့မဟုတ် "ငယ်နိုင်လမ်း" ကဗျာပါ ...



ငယ်နိုင်လမ်း


အော်စီမှာ အခြေချလာရင်း
မငယ်ဟာ ကျောင်းပြန်တက်၊ ဘလော့ရေးလျက် အလုပ်ဆင်း။

ရေးရလဲ မသက်သာ
အဖျက်ဆရာ "ဒေါ်လာစား" ၊ စော်ကားလို့လာ
"အိုပါး" နဲ့ "hanzaw" ပါ၊ ငယ်နိုင်မ ရန်ဘေး
"တုတ်ကြီး" ခေါ် တိရစ္ဆာန်လေး၊ ဘန်းရပြန်သေး။

ဘန်းခဲ့လဲ မသက်သာ
နောက်တချီ "စစ်သည်" ၊ "Slip" က၊ ထိုးနှက်ပြန်ပါ
"mg" ကိုယ်ခွဲ "zaw" ၊ "သူတော်" ဟာ၊ ငယ်နိုင်ကို ဝိုင်းကာသမ
Comment မှာ ရိုင်းလာကြ၊ ပိတ်လိုက်ပြန်ရ။

ပိတ်ပြန်လဲ မသက်သာ
C-Box ဝယ် ရုရှားနယ်က၊ ခွေးထွက်လို့လာ
ခွေးအုပ်မှာ တရာ၊ နှစ်ရာ၊ ငယ်နိုင်ဟာ တကိုယ်ထဲ
ခွေးဟောင်သံ ကြံ့ကြံ့ခံလို့
ငယ်နိုင်မှန် အံကိုခဲ၊ ပန်းပန်လျက်ပဲ။


စစ်နိုင်
(၁၇-၆-၂ဝ၁၁)


(ဆရာကြီးဇော်ဂျီ ရဲ့ "ဗေဒါလမ်း" ကဗျာကို မှီးပြီး စပ်ထားတဲ့ ကဗျာလေးပါ။

ရုရှားရောက် ပညာတော်သင် စစ်ဗိုလ်တွေက ဘလော့ရှင် မငယ်နိုင်ကို ပက်ပက်စက်စက် အောက်တန်းကျကျ ဆဲဆိုတာ၊ ရိုင်းရိုင်းစိုင်းစိုင်း ပုတ်ခတ်စော်ကားတာ၊ မမှန်သတင်းတွေကို လုပ်ကြံဖန်တီးရေးသားပြီး ဘလော့ရှင်ကို နာမည်ဖျက်တာ၊ အရည်မရအဖတ်မရ စကားတွေ ရေးသားပြီး နှောင့်ယှက်တာ၊ ဘလော့အတု လုပ်ပြီး ညစ်ညမ်းပုံနဲ့ ညစ်ညမ်းစာသားတွေ တင်ပြီး ဘလော့ရှင်ကို သိက္ခာချတာ၊ ဘလော့နဲ့ အီးမေးလ်အတွင်း ထိုးဖောက်ဝင်ရောက်ပြီး ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ၊ ကိုယ်ရေးကိုယ်တာ အီးမေးလ်တွေကို ခိုးယူပြီး ဖွင့်ချမယ် လို့ ခြိမ်းခြောက်တာတွေ အပါအဝင် နည်းမျိုးစုံနဲ့ နှောင့်ယှက်နေတဲ့ ကြားက ပြည်သူတွေဘက်က ရပ်တည်ပြီး အမှန်ကိုအမှန်အတိုင်း ဆက်လက် ရေးသားတင်ပြနေတဲ့ ဘလော့ရှင် မငယ်နိုင် ရဲ့ အဖြစ်ဟာ ဆရာကြီးဇော်ဂျီ ရဲ့ "ဗေဒါလမ်း" ကဗျာထဲက အနှောင့်အယှက်၊ ဘေးရန် အဖုံဖုံကို ကြံ့ကြံ့ခံ အံတုရင်း ခရီးဆက်နေတဲ့ ဗေဒါပန်း ရဲ့ အဖြစ်နဲ့ တူနေတာကို သတိထားမိလို့ မငယ်နိုင် မွေးနေ့ အမှတ်တရ အဖြစ် စပ်ဖြစ်သွားတာပါ။

စစ်နိုင်)


ကိုစစ်နိုင်က မငယ်နိုင်ကို ဂုဏ်ပြုပြီး စပ်ဆိုထားတဲ့ "ပန်းပန်လျက်ပဲ" သို့မဟုတ် "ငယ်နိုင်လမ်း" ကဗျာကို
မငယ်နိုင်ရဲ့ (( ဗေဒါလမ်း နှင့် ငယ်နိုင်လမ်း )) ပို့ စ်မှာ တင်ထားပါတယ် ...

http://nge-naing.blogspot.com/2011/07/blog-post_14.html