မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

ဖုံးကွယ်လို့မရတဲ့ သမိုင်းစာမျက်နှာများ


၈၇ စက်တင်ဘာမှာ မဆလအစိုးရက ၂၅၊ ၃၅၊ ၇၅ ကျပ်တန်တွေ တရားမ၀င်တော့ကြောင်း ကြေညာလိုက်တဲ့အချိန်မှာ ကျွန်မက ကိုးတန်းပဲ ရှိသေးတယ်။ ရန်ကုန်မှာ တက္ကသိုလ် ကျောင်းသားတွေက ဆန္ဒပြကြလို့ ကျွန်မတို့ အထက်တန်းကျောင်းတွေ အပါအ၀င် တနိုင်ငံလုံးက ကျောင်းတွေ ပိတ်လိုက်ရလို့သာ ငွေစက္ကူအရေးအခင်း ဆိုတာကို သိရပြီး မတ်လနဲ့ ဇွန်လမှာ ဘာဖြစ်ခဲ့တယ်ဆိုတာကိုတော့ အဲဒီတုန်းက ကျွန်မ လုံးဝ မသိလိုက်တာ အမှန်ပဲ။ သို့သော်လည်း အာဏာရှင် အဆက်ဆက်က သမိုင်းကို ဘယ်လိုပဲ ဖုံးကွယ်လာခဲ့ပေမဲ့ လက်ဆက်ကမ်းတဲ့ ကျောင်းသားတွေက တာဝန်ကျေခဲ့လို့ ၈၈ ရဲ့ သြဂုတ်လမှာတော့ ၈၈ ရဲ့ မတ်လ၊ ဇွန်လ အရေးအခင်းတွေသာမက ၆၂ ကစပြီး ဘာအရေးအခင်းတွေ ဘာကြောင့်ဖြစ်လာရတယ်ဆိုတာကို ကျောင်းစာကလွဲပြီး တခြား ဘာကိုမှ စိတ်မ၀င်စားခဲ့တဲ့ ကျွန်မရဲ့ နှလုံသားထဲ အခုထိ လုံးဝမေ့ပျောက်လို့မရလောက်အောင် ကိန်းအောင်းနေနိုင်တဲ့ အသိတရားကို ရရှိခဲ့ပါတယ်။ ဒီနေ့ ကျရောက်တဲ့ ကိုဖုန်းမော်နေ့ (သို့) မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့မှာ ကျွန်မ မကြုံတွေ့ဖူးတဲ့ မတ်လနဲ့ တံတားနီအရေးအခင်းအကြောင်းနဲ့ ပတ်သက်ပြီး ကိုယ်တိုင်ကြုံတွေ့သူတွေ ရေးဖွဲ့ခံစားထားတဲ့ ကဗျာနှစ်ပုဒ်နှင့်အတူ သမိုင်းအကျဉ်းလေးကို မျှဝေခံစားရင်း ဒီအကြောင်းတွေကို မသိလိုက်သူတွေနဲ့ ကျွန်မထက်နောက်ကျတဲ့ မျိုးဆက်သစ်တွေအတွက်ပါ မျှဝေပေးလိုက်ပါတယ်။




ရန်ကုန် စက်မှုတက္ကသိုလ် (Rangoon Institute of Technology – RIT) နှင့် မတ်လ တမ်းချင်း

၁၉၈၈ ခုနှစ်တုန်းက ရန်ကုန် စက်မှုတက္ကသိုလ် (Rangoon Institute of Technology – RIT)၊ ယခုတော့ အမည်အသစ် ပြောင်းထားတဲ့ (Yangon Technological University – YTU) ဟာ ရှစ်လေးလုံး လူထုအရေးတောာ်ပုံကြီး စတင်ပေါ်ပေါက်စေခဲ့တဲ့ သမိုင်းဝင် စက်မှုတက္ကသိုလ် ကျောင်းသားအပေါင်းတို့ရဲ့ ကျောင်းတော်ကြီး ဖြစ်ပါတယ်။

အာဏာရှင်တွေက သမိုင်းကြောင်းကို ဖုံးကွယ်ဖျေက်ဖျက်ပစ်ဖို့ အမည်ပြောင်းပြီး ကြိုးစားပေမဲ့ ရန်ကုန် စက်မှုတက္ကသိုလ် (Rangoon Institute of Technology – RIT) ဆိုတာ ကျောင်းသား ပြည်သူတွေ ရင်ထဲမှာ ထ၀ရ ကိန်းအောင်နေမှာပါ။

အာဏာရှင်တွေရဲ့ ကျောင်းသားတွေအပေါ် မတရားအုပ်ချုပ်မှုတွေ၊ ကျောင်းသားတွေကို ဖိနှိပ်ချုပ်ချယ်မှုတွေ၊ ကျောင်းသားတွေရဲ့ အေးချမ်းစွာ ဆန္ဒပြတောင်းဆိုမှုတွေမပေါ် လက်နက်နဲ့ တုံ့ပြန်ပစ်ခတ် သတ်ဖြတ်မှုတွေအတွက် ကျောင်းသားတိုင်းက ခေတ်အဆက်ဆက် တော်လှန်ဆန့်ကျင် တိုက်ပွဲဝင်လျက် ရှိပါတယ်။

မတရားမှုကို ခေါင်းငုံ့မခံတဲ့ ကျောင်းသားစိတ်ဓါတ်ကြောင့် ၁၉၈၈ ခုနှစ် မတ်လအတွင်း ဖြစ်ပွားမှုများမှာ သွေးမြေကျကာ အသက်ဆုံးရှုံးခဲ့ကြရတဲ့ ကျောင်းတော်ကြီးနဲ့ စာသင်ခန်းကို ထ၀ရ စွန့်လွတ်ခဲ့ကြရတဲ့ အာဏာရှင်ဆန့်ကျင်ရေးကို ယခုထိတိုင် ဆက်လက်တိုက်ပွဲ ၀င်နေကြဆဲဖြစ်တဲ့ ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသားကြီးများအား အထူးဦးညွတ်ဂုဏ်ပြုအပ်ပါတယ်။

ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားအပေါင်းနဲ့ ရန်ကုန်တက္ကသိုလ် (ပင်မ) ကျောင်းသားအပေါင်းအား “မတ်လတမ်းချင်း” ဆိုတဲ့ ကဗျာလေးတပုဒ်ဖြင့်လည်း ဂုဏ်ပြုလိုက်ပါတယ်။

မတ်လ တမ်းချင်း

ခေါင်းလောင်းသံတိတ်
ကျောင်းပိတ်ရက်ရှည်
ဝေးကြလေပြီ သူငယ်ချင်း။

ဟိုယခင်က
တက်ကြွအားမာန်
လှုပ်ရှားဟန်နှင့်
မင့်သဏ္ဍန်သည်
ငါ၏ရှေ့မှောက်
မြင်ရင်းပျောက်ခဲ့
ဘယ်ရောက်နေလဲ သူငယ်ချင်း။

မင်းသတင်းများ
နားနှင့်မမျှ ကြားရချိန်တွင်
သစ်ပုပ်ပင်အို မျက်ရည်စိုရွှဲ
ဝမ်းနည်းပက်လက်
ချွေကာချလျှက် စိမ်းမြရွှက်။

အဖေါ်ကွဲလျက်
ဥသြငှက်သည်
အော်မြည်ဟစ်ကြွေး ငိုသံပေး။

လမ်းမထက်တွင် ရှုမြင်မလှ
မွမွကြဲကြေ
စိန်ပန်းတွေလည်း ရဲရဲနီ။

တက္ကသီလာ မြကျွန်းသာသည်
မရီ (ရယ်)မပြုံး
နှလုံးပဲ့ကြေ ဝေဒနာ။

သဘင်ဘွဲ့နှင်း
ရင်တွင်းမျှ ခံစားရ၍
အသည်းကြေကွဲ မျက်နှာလွှဲ။

ကံ့ကော်တောတန်း
လွမ်းချင်းတေးဆို မငိုနိုင်ဘဲ
ရင်ထဲထိတ်ထိတ် အံကိုကြိတ်။

အင်းလျားရေပြင် မရှုမြင်ရက်
တက် (တောက်) ခေါက်ရင်းငြ့်
ရင်နင့်လှိုင်းထ တသသ။

ဟိုယခင်က တက်ကြွအားမာန်
လှုပ်ရှားဟန်နှင့် မင်း၏သဏ္ဍန်
ပြန်မြင်ယောင်ဆဲ။

ဘယ်မှာလဲမင်း..
သူငယ်ချင်း…..။

အမည်မသိ ကဗျာရှင် တဦးမှ ၁၉၈၈ ခုနှစ် ဇူလိုင်လအတွင်းက ရေးစပ်ခဲ့သော ကဗျာလေးတပုဒ် ဖြစ်ပါတယ်။
“အို - ကျောင်းသား သူရဲကောင်းအပေါင်းတို့ ငါတို့ကျောင်းသားတွေကို သွေးမြေကျအောင် မိုက်ရိုင်းခဲ့ကြတဲ့ အာဏာရှင်တွေကို ငါတို့ကျောင်းသားစိတ်ဓာတ်နဲ့ သမိုင်းကြွေးဆပ်ကြစို့)

ရန်ကုန် စက်မှုတက္ကသိုလ် (Rangoon Institute of Technology – RIT) ရဲ့ ပုံရိပ်လွှာကို ပြန်လည်မြင်တွေ့စေရန်အတွက် ဓါတ်ပုံများအား ဖေါ်ပြထားပါတယ်။ စက်မှုတက္ကသိုလ်ကျောင်းသား ကိုဘုန်းမော် ကျဆုံးခဲ့ရပြီး “ဘုန်းမော်နေ့- မတ်လ (၁၃) ရက်- မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့” ပေါ်ပေါက်စေသော ကျောင်းသားတွေ သွေးမြေကျခဲ့တဲ့ မြန်မာနိုင်ငံ ဆေးဝါးလုပ်ငန်းစက်ရုံ (ကြို့ကုန်း) လမ်းနေရာကိုလည်း ယခုဖေါ်ပြထားတဲ့ ဓါတ်ပုံတွေထဲမှာ မြင်တွေ့ရပါတယ်။
(စာသားနှင့် ကဗျာကို ဤနေရာ မှ ကူးယူဖေါ်ပြပါတယ်။ ဓါတ်ပုံကို Upload လုပ်လို့မရလို့ မူရင်းနေရာမှာ သွားကြည့်နိုင်ပါတယ် - Nge Naing)



ခင်ဗျားတို့ ကို စိန်ခေါ်တယ်

(၁)
ကျွန်မအပျိုမ.. လှပါသည်
ကျွန်မ.. တက္ကသိုလ်ကျောင်းသူ
ဖြူသည်.. နုသည်
အခုအခံမပါ.. ကျွန်မခန္ဒာကိုယ်
ရှိုက်ကြီးဖိုငယ်.. အသွယ်သွယ်။

ကျွန်မအသက်
သပြေခက်ကျော်.. ရေတက်သော်
တစ်ကိုးရှစ်ရှစ်.. တော်လှန်ခေတ်မှာ
တစ်တစ်ရစ်ရစ်.. တစ်ဆယ့်ရှစ်။

ကျွန်မတို့ တက္ကသိုလ်
အို ဘာကိုထောက်.. ကြောက်ရမှာလဲ
တိုက်ပွဲ.. တိုက်ပွဲ ရဲရဲတောက်ပ..
ရဲတောက်မဟာ ကျွန်မ.. ကျွန်မ..
လက်နက်မချ ကျောင်းသားသမဂ္ဂဖွဲ့ ကြ။

(၂)

၁၉၈၈ မတ်လ
ဖက်ဆစ်အစိုးရ..ထောင်ထဲညမှာ
ကျွန်မ..အပျိုမ..ကျဆုံးရသည်
ကျွန်မ..ခုခံ မတွန်းလှန်နိုင်
မတန်အားယုတ်.. ကြိုးနှင့်တုတ်ပြီး
လှုပ်မရ.. ရုံးမရ
မရ.. မရ.. အို.. မရတော့
ကျွန်မ..ရေတိမ်နစ်ခဲ့ရပြီ။

ကျွန်မနှုတ်ခမ်း..ဖက်ဆစ်နမ်းကြ
ကျွန်မရင်အုံ..ဖက်ဆစ် ငုံကြ
ကျွန်မ …တွင်း.. ဖက်ဆစ် ….ကြ
ဖက်ဆစ်မုဒိန်း.. လုံထိန်း လုံထိန်း
နတ်စိမ်းပူးဝင်.. အရှင်လတ်လတ်
ခေတ်သေနတ်နဲ့  အငတ်မပြေ
ကျွန်မအပျိုရည်..ကိုသောက်
တစ်ယောက် နှစ်ယောက် သုံးလေးယောက်မက
ကျွန်မသေလောက်ပါပြီရှင်ရဲ့ ။

(၃)

ဒါပေမယ့်လေ
ကျွန်မ မသေ..မျက်ရည်မကျ
ကျွန်မမရေတိမ် ..သားအိမ်ညစ်လည်း
ကျွန်မချစ်သည့် တော်လှန်ရေး
ကျွန်မ မြတ်နိုးသည့် ဒီမိုကရေစီ။

ဟယ်… ဖက်ဆစ်အစိုးရ
ငါ့သွေးသားကို ..နင်ဝါးမြိုသည်
နင့်ကို ငါ ဘယ်တော့မကျေ

ဟယ်… အစိုးရ
ငါ့အပျိုရည်..နင်ဖျက်ချွေသည်
ရာဇ၀င် မကျေ.. မကျေ.. မကျေ။

ဟေ့… အစိုးရအမွေ နောက်လိုက်ခွေးတပ်..
လုံထိန်းတပ်တို့  သတ္တိရှိရင် လာစမ်းပါစေ…

သေနတ်တစ်ကမ်း.. သွေးခင်းလမ်းမှာ
ငြိမ်းချမ်းရေး အပျိုမ
မြန်မာပန်းပွင့်.. မုဒိန်းကျင့်ခံရ

နင် အစိုးရ. အပြုတ်ချမယ်
လုံးဝ.. ငါတို့ ဒူးမထောက်
လုံးဝ.. ငါတို့ ဒူးမထောက်။

(၁၉၈၈ခုနှစ် မတ်လအရေးအခင်းတွင် မဆလ လုံထိန်းတပ်တို့ ၏ ဖမ်းဆီးခြင်းကို ခံရပြီး၊ ထောင်တွင်းတွင် အဓမ္မမုဒိန်းကျင့်ခံခဲ့ရသော ရန်ုကုန်စက်မှုတက္ကသိုလ်ကျောင်းသူတစ်ဦး၏ ရင်တွင်းခံစားချက်။) ..

(ခင်ဗျားတို့ကို စိန်ခေါ်သည် ကဗျာကို ဤနေရာမှ ကူးယူဖေါ်ပြပါတယ် - Nge Naing)


ရက်စွဲမှတ်တမ်း


(ဖုံးမော်မှသည် ...)

၁။ ၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် ရန်ကုန် စက်မှုတက္ကသိုလ် (RIT) ပဉ္စမနှစ်ကျောင်းသား ကိုဖုန်းမော် သေနတ်ဒဏ်ရာဖြင့် သေဆုံး။

၂။ အာဏာရ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) အစိုးရက ယင်းသေဆုံးမှုမှာ RIT အနီးဝန်းကျင်နေ ပြည်သူများနှင့် စက်မှုကျောင်းသားများ ခိုက်ရန်ဖြစ်ပွားရာမှ သေဆုံးရခြင်းဖြစ်ဟု နိုင်ငံပိုင်သတင်းစာများမှ သတင်းထုတ်ပြန်။

၃။ မတ်လ ၁၄ ရက်နေ့တွင် ကြိမ်ဒိုင်းနှင့် နံပါတ်ဒုတ်ကိုင် လုံထိန်းအမြောက်အမြားက RIT ကျောင်းဝန်းကျင်သို့ ရောက်ရှိစောင့်ကြပ်။ ကျောင်းသားများက ကိုဖုန်းမော် သေဆုံးမှုနှင့် ပတ်သက်၍ ဖြစ်ရပ်မှန်ကို အခြား တက္ကသိုလ်ကျောင်းများသို့ လိုက်လံအသိပေး ရှင်းလင်းပြ။

၎။ မတ်လ ၁၅ ရက်နေ့တွင် RIT ကျောင်းဝင်းအတွင်း လုံထိန်းနှင့် စစ်သား ၆၀၀ ခန့် ၀င်ရောက်စီးနင်းကာ ကျောင်းသားများကို နံပါတ်ဒုတ်များဖြင့် ရိုက်နှက်၊ ကျောင်းသား ၃-၄၀၀ ခန့်အား စစ်ကားများပေါ် တင်၍ ဖမ်းဆီးခေါ်ဆောင်သွား။

အစိုးရဘက်ကမူ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အနှောင့်အယှက်ပြု ဆူပူသူ ကျောင်းသားများအား ထိရောက်စွာ အရေးယူမည်ဟု ကြေညာ။

၅။ မတ်လ ၁၆ ရက်နေ့တွင် အင်းလျားကန်ဘောင်ဘက်ရှိ ရန်ကုန် ၀ိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် ကျောင်းဝင်းအတွင်း၌ ကျောင်းသား ထောင်ပေါင်းများစွာက ဖက်ဆစ်အစိုးရ ဖြုတ်ချရေး၊ ဒီမိုကရေစီ ရရှိရေးနှင့် တပါတီစနစ် ကျဆုံးပါစေ ဟူသော ကြွေးကြော်သံများ အော်ဟစ်ကာ ဟောပြောပွဲများ ကျင်းပကြ။

ကျောင်းသားများစွာသည် တက္ကသိုလ်ဝင်းအတွင်းမှ လမ်းပေါ်တက် ဆန္ဒပြချီတက်လာရာ အင်းလျားကန်ဘောင်နှင့် ပြည်လမ်းမကြားရှိ တံတားဖြူဟု လူသိများသော မြောင်းကူးတံတားအလွန်တွင် လုံထိန်းတပ်က နံပါတ်ဒုတ်များဖြင့် ရိုက်နှက်ရာ ရာနှင့်ချီ၍ သေဆုံးဒဏ်ရာရ၊ ဖမ်းဆီးခံရ။ နောက်ပိုင်းတွင် တံတားနီအရေးအခင်းဟု ကျော်ကြား။

၆။ မတ်လ ၁၇ ရက်နေ့တွင် အစိုးရက စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ကာ ကိုဖုန်းမော် သေဆုံးမှုသည် ဓားဒဏ်ရာနှင့် မဟုတ်ဘဲ၊ သေနတ်ဒဏ်ရာနှင့်ဟူ၍ ၀န်ခံပြောဆို၊ သို့သော် တံတားနီ အရေးအခင်းနှင့် ပတ်သက်၍မူ တခွန်းတပါဒမျှ ထုတ်ဖော်ပြောဆိုခြင်း မရှိ။

၇။ မတ်လ ၁၄-၁၅-၁၆-၁၇ ရက်နေ့များအတွင်း တက္ကသိုလ်ကျောင်းသားများ၏ ဆွေးနွေးပွဲများမှ ကိုဖုန်းမော်သေဆုံးမှုနှင့် ပတ်သက်၍ သတင်းအမှန် ထုတ်ပြန်ရန်နှင့် သင့်တင့်လျောက်ပတ်သော ဈာပန ပြုလုပ်ပေးရန်

၈။ မတ်လ ၁၇ ရက်နေ့တွင် တက္ကသိုလ် ကျောင်းသားအားလုံးကို အစိုးရက စရိတ်ထုတ်ပေးပြီး အိမ်ပြန်စေခဲ့ကာ ကျောင်းများ ပိတ်ပစ်။

၉။ အိမ်ပြန်ရောက်လာသည့် ကျောင်းသားများကြောင့် နိုင်ငံတ၀ှမ်းရှိ ပြည်သူများ ကိုဖုန်းမော် အသတ်ခံရမှုအပြင် စစ်တပ်မှ ကျောင်းအတွင်း ၀င်ရောက်ကာ ကျောင်းသားများကို အင်အားသုံး ဖမ်းဆီးခဲ့သည့် သတင်းအမှန် သိရှိခဲ့ရပြီး၊ နိုင်ငံတ၀ှမ်း မကျေနပ်မှုများ ဖြစ်လာ။

၁၀။ ၁၉၈၈ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ဖမ်းဆီးခံ ကျောင်းသားများ ပြန်လွတ်လာပြီး BBC နှင့် VOA က ယင်းကျောင်းသားများနှင့် တွေ့ဆုံမေးမြန်းမှု ပြုလုပ်ကာ သတင်းထုတ်လွှင့်သဖြင့် ထောင်ထဲတွင် အာဏာပိုင်များ၏ နှိပ်စက်ပုံများနှင့် နေထိုင်ခဲ့ရပုံများကို အများပြည်သူ သိရှိခဲ့ရ။

၁၁။ သြဂုတ်လ ၈ ရက်နေ့တွင် - ၁၉၈၇ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့က ဖြစ်ပွားခဲ့သော ၂၅၊ ၃၅ နှင့် ၇၅ ကျပ်တန်များအား အစိုးရက ဖျက်သိမ်းလိုက်ကြောင်း ကြေညာခဲ့သည့်အပေါ် မကျေမနပ်ဖြစ်နေသော ပြည်သူများက ကိုဖုန်းမော် ပစ်ခတ်သေဆုံးမှုကို အကြောင်းရင်းခံကာ မဆလ အစိုးရကို ညီညွတ်စွာ တော်လှန်အုံကြွရာမှ ရှစ်လေးလုံး အရေးတော်ပုံ ပေါ်ပေါက်လာ။

၁၂။ သြဂုတ်လ ၂၆ ရက်နေ့တွင် လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဒေါ်အောင်ဆန်းစုကြည်က ရွှေတိဂုံအနောက်မုဒ်တွင် လူထု ၅ သိန်းခန့် တက်ရောက်သော လူထုတရားဟောပွဲတွင် ဟောပြော။

၁၃။ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ယင်းအဖွဲ့က ၀န်ကြီးချုပ်ဟောင်းဦးနု၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဗိုလ်ရန်နိုင်၊ ဦးအောင်ကြီးတို့နှင့် တွေ့ဆုံပြီး ကြားဖြတ်အစိုးရတရပ် ဖွဲ့စည်းရန် ဆွေးနွေး။

၁၄။ ကြားဖြတ်အစိုးရ မဖြစ်ပေါ်ခဲ့ဘဲ၊ ယနေ့အထိ စစ်တပ်က နိုင်ငံတော် အာဏာကို ချုပ်ကိုင်ထားဆဲ။

(ရက်စွဲမှတ်တမ်းကို ဤနေရာ မှ ကူးယူဖေါ်ပြသည်- Nge Naing)


မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့နဲ့ ကိုဖုန်းမော်နေ့ အမှတ်တရပို့စ် ဖြစ်ပါတယ်။ သူရဲကောင်းတို့ရဲ့ ပေးဆပ်မှုနဲ့ တန်တဲ့ တိုင်းပြည်ကို ပြန်လည်တည်ဆောက်နိုင်ပါစေ။ ဒီပို့စ်နဲ့အတူ ရှစ်လေးလုံးကို သန္ဓေစတည်ပေးခဲ့တဲ့ ငွေစက္ကူ၊ မတ်လနဲ့ တံတားနီအရေးခင်းများမှာ ပါဝင်တိုက်ပွဲဝင်သူအားလုံးကို ဦးညွှတ်ဂုဏ်ပြုလိုက်ပြီး ကိုဖုန်းမော်နဲ့တကွ အသက်ပေးသွားသူအားလုံး ကောင်းရာသုဂတိ လားပါစေလို့ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။

(မှတ်ချက် ရွှေဝါပြည် နဲ့ Tin Min Htet ဘလော့ဂ်တွေကို ရေးတဲ့ ကိုတင်မင်းထက်က မတ်လတမ်းချင်းကို ရေးသူဟာ ကိုငြိမ်းနိုင်လို့ ဖြည့်စွက်ပေးသလို အနာဂတ်လမ်း ကိုရေးတဲ့ ကိုကျော်ထင်ကလည်း ကိုဖုန်းမော် အပစ်ခံရတာ အင်းစိန်လမ်းမပေါ်မှာ မဟုတ် RIT စက်မှုတက္ကသိုလ် ၀င်းထဲမှာဖြစ်ကြောင်း ဖြည့်စွက်ပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီပို့စ်မှာ ပါဝင်တဲ့ စာသားတွေကို တခြားဘလော့ဂ်တွေက တိုက်ရိုက်ကူးယူ ဖေါ်ပြထားတာ ဖြစ်လို့ ကျွန်မအနေနဲ့ စာသားထဲမှာ ထည့်သွင်းပြင်ဆင်ဖို့ မဖြစ်နိုင်တဲ့အတွက် သီးသန့် ဖြည့်စွက်ခြင်း ဖြစ်ပါတယ်။)

RIT ရဲ့ ပုံရိပ်တချို့ကို ဒီနှစ် မတ်လ ၁၃ ရက်နေ့ မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့ အမှတ်တရအဖြစ် ပြန်လည် ဖြည့်စွက်လိုက်ပါတယ်။

တခါက Rangoon Institute of Technology,
RIT




ကိုတင်မင်းထက် Tin Min Htet ဆီမှ


ယခင် Rangoon Institute of Technology(RIT) ဟုထင်ပေါ် ကျော်ကြား ခဲ့သော ဆိုဗီယက်ယူနီယံရဲ့လက်ဆောင်၊ သမ္မတကြီးမန်းဝင်းမောင် အုတ်မြစ်ချခဲ့တဲ့ ယခု YTU (Yangon Technological University) သည်ခန့်ထည်သော မျက်နှာစာ တိုင်လုံးကြီးများဖြင့် တိတ်ဆိတ်စွာ တည်ရှိနေပါသည်။(
Education for Myanmar Youth မှ)

ယခုမြင်တွေ့ရသောRangoon Institute of Technology, RIT


RIT ကို ယခုတွေ့မြင်ရပုံ (ဒီနေရာမှ)

( Education for Myanmar Youth မှ)
မိုးမခမှ

Burma Strange News မှ RIT today



ပြီးခဲ့တဲ့နှစ် 13/3/10 3:33 PM မှာ တင်တဲ့ပို့စ်ကို ဒီနှစ် လူ့အခွင့်အရေးနေ့ အမှတ်တရအတွက် ဓါတ်ပုံတွေ နဲ့ ဗွီဒီယိုကို ဖြည့်စွက် ထားပါတယ်။

သမိုင်းကို လက်နက်နဲ့ ခြိမ်းချောက်ပြီး ဖုံးကွယ်၍ မရနိုင်ပါ။ ၁၉၈၈ ခု မတ်လ ၁၃ ရက်နေ့မှာ ကျဆုံးခဲ့သော စက်မှုတက္ကသိုလ် RIT ကျောင်းသား အာဇာနည် ကိုဖုန်းမော်နဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ လူ့အခွင့်အရေး အတွက် ခေတ်အဆက်ဆက်မှ ယနေ့အထိ အသက်စွန့်သွားသူအားလုံးအား ဂုဏ်ပြုအလေးပြုကာ မြန်မာနိုင်ငံ လူ့အအခွင့်အရေးသို့ ရှေ့ရှုလျက်

ရွှင်လန်းချမ်းမြေ့ကြပါစေ။


21 comments:

မငယ်နိုင်ရေ
သမိုင်း ဆိုတာ ဘယ်လိုမှ လိမ်ထား ဖုံးထားလို့ မရပါဘူး။
ဒီအကြောင်းတွေ ပြန်ဖတ်တိုင်း အမြဲ အသစ် ဖြစ်ရတာပါပဲ။

နည်းအမျိုးမျိုးနဲ့ စွန့်လွတ်ခဲ့သူတွေ အတွက် အကောင်းဆုံး ဦးညွတ်တဲ့နည်းကတော့ ကျန်နေသေးတဲ့ အလုပ်တွေ တတ်နိုင်သလောက် ၀ိုင်းလုပ်ကြဖို့လို့ ထင်ပါတယ်။ ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်နေရာကပဲ ဖြစ်ဖြစ်ပေါ့။

ဒါမှလည်း ခရီးတွင်တော့မယ်။



မအယ်

အမငယ်... ဘယ်တော့မှ မေ့လို့မရနိုင်တဲ့ အဖြစ်အပျက်တွေပါ။ သွေးစွန်းခဲ့တဲ့ အဲဒီရက်တွေက အဲဒီအချိန်က ကျောင်းသားတွေ အတွက်တော့ သမိုင်းမှတ်တမ်းတွေပါပဲ.. အိမ်မက်ဆိုးတွေကနေ လွတ်မြောက်ချင်ပါပြီ မမရယ်..။

ခင်မင်လေးစားလျှက်

စစ်မှန်တဲ့ သမိုင်း ဆိုတာ ဖုံးကွယ်ထားလို့  မရစကောင်းပါဘူး မငယ်နိုင်ရေ..
အဲ့ဒီအချိန်ကာလတွေကို သတိရတိုင်း လည်း.. “ကမ္ဘာ မကြေ ဘူး ” ဆို တဲ့ သီချင်းလေးကို ပြန် ပြန် ပြီး နားထောင်မိတယ်။

မအယ်ပြောသွားသလိုပါပဲ ။
မရောက်သေးတဲ့  ပန်းတိုင်ကို ဦးတည်လျှောက်ကြဖို့  အားလုံး တညီတညွတ်တည်း ဆက်လက် ကြိုးစားရမှာပါ။
သူတလူ ငါတမင်း နဲ့  အချင်းချင်းက သွေးမစည်းကြရင် အဖျက်သမား က ပိုပြီး သဘောကျ နေပါလိမ့်မယ်။

သမိုင်းကြောင်းတွေပြန်ဖတ်လိုက်ရတာ... သိပ်မကြာသေးသလို ခံစားလိုက်ရတယ်.... ကျေးဇူးငယ်နိုင်

မငယ်နိုင်ရေ ဒီပို့စ်အတွက် ကျေးဇူးပါပဲ။

တခုပဲ ဖြည့်စွက်ချင်ပါတယ်။ မတ်လတမ်းချင်း ရေးသူက (ကို)ငြိမ်းနိုင် လို့ သိထားပါတယ်။

ခင်မင်စွာဖြင့်

14 Mar 10, 19:08
ကျော်ထင်: ကိုဖုန်းမော်ဟာ အင်းစိန်လမ်းမပေါ်မှ အပစ်ခံခဲ့ရတာမဟုတ်။ ရန်ကုန်စက်မှုတက္ကသိုလ်RIT ၀င်းထဲမှာ အပစ်ခံခဲ့ရတာပါ။ www.futureroadvisions.blogspot.com
(ပို့စ်နဲ့ ဆိုင်နေလို့ C-Box ထဲက ကူးလာပါတယ်။)

ကိုဖုန်းမော်နေ့အတွက် လာရောက် မှတ်ချက်ပေးသွားသူအားလုံးကို ကျေးဇူးတင်ပါတယ်။

ကိုတင်မင်းထက်နဲ့ ကိုကျော်ထင်တို့ရဲ့ ဖြည့်စွက်ချက်တွေအတွက်လည်း အထူးကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်မက ဒီပို့စ်မှာ နိဒါန်းနဲ့ နိဂုံး နှမ်းဖြူးတာကလွဲပြီး ကျန်တာအားလုံးကို သိတဲ့သူတွေရေးထားတာကို တိုက်ရိုက် ကူးယူဖေါ်ပြတာ ဖြစ်လို့ ကျွန်မလိုက်ပြင်ရင် သူတို့ရဲ့ မူရင်း ပျက်သွားမှာမို့ ကျွန်မ လိုက်ပြင်လို့မရပါဘူး။ မူလ Link ကိုလည်း ဖေါ်ပြထား ဖြစ်တဲ့အတွက် မူရင်းပို့စ်ရေးသူတွေဆီမှာလည်း သွားပြီးဖြည့်စွက် Comment ပေးဖို့ ကိုတင်မင်းထက်နဲ့ ကိုကျော်ထင် နှစ်ယောက်စလုံးကို အကြံပြုပါရစေ။ မူရင်း ရေးသူတွေထဲမှာ သွားပြင်လို့ မရပေမဲ့ အစ်ကိုတို့နှစ်ယောက်ရဲ့ ဖြည့်စွက်ချက်ကို အောက်မှာ မှတ်ချက်အနေနဲ့ ထည့်သွင်းဖေါ်ပြပေးထားလိုက်မယ်။

မအယ်ရေ မတ်လ အရေးအခင်းဟာ ကျွန်မ လုံးဝမသိခဲ့ပေမဲ့ သမိုင်းဆိုတာ ဖုံးကွယ်မရလို့သာ သိရတာပေါ့။

ဒဏ္ဍာရီရေ အိပ်မက်ဆိုးကပဲ မြန်မာပြည်သူတွေရဲ့ ဘ၀မှာ ပုံမှန်ဖြစ်နေပြီထင်တယ်။

ကိကိရေ မညီညွတ်လို့ အခုလို ဖြစ်နေရတာ တကယ်ဝမ်းနည်းစရာပဲ။
Rose ရေ မမေ့သင့်တာကို မမေ့အောင် လုပ်ဖို့ အားလုံးမှာ တာဝန်ရှိပါတယ်။

ဒီလိုနေ့တွေကို အသိအမှတ်ပြုတဲ့သူတွေ သိပ်ကိုနည်းနေတယ်လို့ ကျွန်မ ခံစားရတယ်။ ဒီပို့စ်ကို လာရောက် အသိအမှတ်ပြုတဲ့သူတွေကို ကျွန်မ အထူးတလည် ကျေးဇူးတင်ကြောင်း မှတ်တမ်းတင်ပါတယ်။

ဘာမှ မပြောတော့ပါဘူး အမရယ် ဖတ်သွားရုံပဲ ဖတ်သွားလိုက်ပါတယ်

မေ့လို့ရနိုင်ပါ့မလား...

Learn the history.Dont close the eye and argue...i did the 8888.If the U Than Shwe doesent allow,another 888 will never come out.U Nay Win allowed because he wanted to change imself.Learn the histiory.

Both side r still cheating the 8888.Anybody can answer my question?Why U Nay Win didnt allow the vote decision at Htuttaw when he propose the multi party or one party system?
According to the Htuttlaw rule,they have to do vote decision for this multi party or one party system.Why he didnt allow vote decision?

u Nay Win want to finish masala party because his 20 years plan failed and became ldc, he didnt want to get responsible person.That time country had just $30 million.He had no idea what to do next .1987,he talked, its time to change and asked advise but got no advise b/c everybody afraid him.
When country became LDC,he ordered U Aung Gyi to sepead the letters that all r cheating to him,thats why country became ldc.
U Nay Win is the father ,the founder of masala party but when country became ldc and his 20 years plan fialed and left just only $30 million,he wanted to change system.He wanted U Aung Gyi to run the country economy because he belive U Aung Gyi know how to run teashop.
If he allow vote decision,he can not do multi party system and can not put U Aung Gyi.He know if he aske the people directly,people will come out on the street and he can finish masala party.Thats why he said lets make the people decision.သမိုင်းဆိုတာလိမ်ညာလို့မရဘူး
He created 888 because he wanted to change the system.People r traped in his trick.
Can listen what U Nay Win said at htutttaw.
http://www.youtube.com/watch?v=Zp5UXCmH5gA

၁၉၈၇ ခုနှစ် သြဂုတ်လ ၁ဝ ရက်နေ့တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဋ္ဌ ဦးနေဝင်းသည် ရေဒီယိုမှတဆင့် တိုင်းပြည်သို့ မိန့်ခွန်းစကား ဆို၏။

၂၅ နှစ်တိုင်တိုင် အာဏာရယူထားခဲ့သည့် မဆလ ၏ လမ်းစဉ်တွင် ‘လုပ်ဟန်’ အမှားထက် ‘လမ်းစဉ်’ ကိုယ်၌ကပင်၊ ချို့ယွင်းမှားယွင်းမှုများ ရှိနေသည်ဟု ဆို၏။ ပြီးလျှင် ပြောင်းလဲနေသည့် အချိန်ကာလနှင့်အညီ ပြောင်းသင့်တာတွေကိုလည်း ပြောင်းလဲရပါမည်ဟု

ထိုစဉ်က မဆလ တွင်ရှိသည့် နိုင်ငံခြားငွေမှာ အမေရိကန်ဒေါ်လာ သန်း ၂ဝ-၃ဝ မျှသာ လက်ကျန်ရှိ၏။ အကြွေးက နိုင်ငံစုစုပေါင်း ကုန်ထုတ်လုပ်မှု GDP ၏ ၅ဝ % ကျော်ရာမှ တိုး၍သာ မြင့်တက်၍နေသည်။ လူထုသည် အထွေထွေအကျပ်အတည်းကြီးအတွင်း၌ နစ်၍နေ၏။
၁၉၈၈ ခုနှစ်၊ ဇူလိုင်လ ၂၃ ဆရာစံခန်းမ၊ မဆလ ၏ အထူးအရေးပေါ် ပါတီညီလာခံအား ကျင်းပ၏။ ပါတီဥက္ကဋ္ဌကြီး ဦးနေဝင်းက ညီလာခံတွင် အဖွင့်မိန့်ခွန်းပေး၏။
“မတ်လနှင့် ဇွန်လများမှာ ဖြစ်ပျက်ခဲ့တဲ့ သွေးထွက်သံယို အရေးအခင်းများဟာ အစိုးရအဖွဲ့နဲ့ ထိုအဖွဲ့ကို ဦးဆောင်နေတဲ့ ပါတီကို အယုံအကြည်ကင်းမဲ့နေတာ၊ ထိုရုန်းရင်းဆန်ခတ်တွင် ကိုယ်တိုင်ပါဝင်သူများနဲ့ နောက်မှ အားပေးသူများက ဖော်ပြလိုက်ပါတယ်။ တတိုင်းပြည်လုံး လူထုအနေနဲ့ ဒီအယုံအကြည် ကင်းမဲ့သူဘက်က အများစုလား၊ အနည်းစုလားဆိုတာ ဆန်းစစ်ဖို့ လိုပါလိမ့်မယ်။
တပါတီစနစ် (သို့မဟုတ်) ပါတီစုံစနစ်ဆိုတဲ့ စနစ်နှစ်ခုမှာ ဘယ်စနစ်ကို ရွေးပါသလဲလို့ တပြည်လုံး လူထုဆန္ဒခံယူပွဲ ကျင်းပရင် ဆန်းစစ်မှု အဖြေပေါ်နိုင်မည်ဟု ယူဆတာကြောင့် တပြည်လုံး လူထုဆန္ဒခံယူပွဲ ကျင်းပပေးရန် ညီလာခံသို့ တင်ပြပါတယ်”
This is the real true history of 8888.

...

((((Learn the history.Dont close the eye and argue...i did the 8888.If the U Than Shwe doesent allow,another 888 will never come out.U Nay Win allowed because he wanted to change imself.Learn the histiory.))) အဓိပ္ပါယ်မရှိလိုက်တာ ၆၂ ခု 7 July အရေးအခင်းကနေ ပြီးခဲ့တဲ့ ရွှေဝါရောင် တော်လှန်ရေးအထိ အာဏာရှင်ကို ဆန့်ကျင်လာတဲ့ အရေးအခင်းတွေမှာ ဘယ်အာဏာရှင်က ဘယ်တုန်းက ဘယ်သူ့ကို ခွင့်ပြုခဲ့လို့လဲ။ အရေးအခင်းတွေ အားလုံးက ခွင့်မပြုတဲ့ကြားကပဲ ပေါ်ထွက်လာတာပဲ။ အာဏာရှင်ကို တော်လှန်တယ်ဆိုမှ အာဏာရှင် ခွင့်ပြုမှ လုပ်စရာလား။ ကိုယ်ကိုယ်တိုင်ပဲ သမိုင်းကို ပြန်လေ့လာလိုက်ဦး Anonymous.

Both side r still cheating the 8888.Anybody can answer my question?Why U Nay Win didnt allow the vote decision at Htuttaw when he propose the multi party or one party system?
According to the Htuttlaw rule,they have to do vote decision for this multi party or one party system.Why he didnt allow vote decision?

မဆလ လွှတ်တော်က မဲခွဲဆုံးဖြတ်တာ မဖြတ်တာ စိတ်မ၀င်စားစရာ မရှိပါဘူး။ ၂၆ နှစ်လုံးလုံး ပြည်သူကို လိမ်ပြီး ကိုယ်ကျိုးရှာထားတဲ့အတွက် သူတို့ ဘာပဲဆုံးဖြတ် ဆုံးဖြတ် ဆက်လိမ်ဖို့ပဲ ဖြစ်တယ်၊ ပြည်သူလူထု အကျိုးစီးပွားကို ဘာမှဖြစ်စေမှာ မဟုတ်ဘူး။ သူတို့အာဏာတည်မြဲရေးအတွက်သာ ဖြစ်တယ်ဆိုတာ ကလေးကစသိပါတယ်။ ပြည်သူလူထုကို ကိုယ်စားပြုတဲ့ လွှတ်တော် မဟုတ်တာ သူတို့ဖါသာသူတို့ လွှတ်တော်က ဆုံးဖြတ်တာ မဖြတ်တာကို စိတ်ဝင်စားစရာမလိုဘူး။ အဓိကက အာဏာရှင်စနစ် ပြုတ်ကျဖို့ပဲ ဦးတည်စရာလိုတယ်။

အဲဒီညီလာခံမှာပဲ နောင်ဆူဆူပူပူလုပ်ရင်တော့ စစ်တပ်ဆိုတာ သေနတ်မိုးပေါ်ထောင်မပစ်ဘူး ပစ်ရင်တည့်တည့်ပစ်တယ်ဆိုတဲ့ အာဏာရှင်လက်သုံးစကားကိုပဲ ဒေါနဲ့မောနဲ့ပြောခဲ့သေးတာ မဟုတ်လားးး

http://hittai.net/?show=rm&fileid=17&t=home7&id=7
Read this.This is the true history of 8888.
အဲဒီညီလာခံမှာပဲ နောင်ဆူဆူပူပူလုပ်ရင်တော့ စစ်တပ်ဆိုတာ သေနတ်မိုးပေါ်ထောင်မပစ်ဘူး ပစ်ရင်တည့်တည့်ပစ်တယ်ဆိုတဲ့ အာဏာရှင်လက်သုံးစကားကိုပဲ ဒေါနဲ့မောနဲ့ပြောခဲ့သေးတာ မဟုတ်လားးး

why he talked like this?

မဆလ လွှတ်တော်က မဲခွဲဆုံးဖြတ်တာ မဖြတ်တာ စိတ်မ၀င်စားစရာ မရှိပါဘူး။
This answer is no reasionable.U need to ask the old politican people those have experience.

အဓိပ္ပါယ်မရှိလိုက်တာ ၆၂ ခု 7 July အရေးအခင်းကနေ ပြီးခဲ့တဲ့ ရွှေဝါရောင် တော်လှန်ရေးအထိ အာဏာရှင်ကို ဆန့်ကျင်လာတဲ့ အရေးအခင်းတွေမှာ ဘယ်အာဏာရှင်က ဘယ်တုန်းက ဘယ်သူ့ကို ခွင့်ပြုခဲ့လို့လဲ။ အရေးအခင်းတွေ အားလုံးက ခွင့်မပြုတဲ့ကြားကပဲ ပေါ်ထွက်လာတာပဲ။ အာဏာရှင်ကို တော်လှန်တယ်ဆိုမှ အာဏာရှင် ခွင့်ပြုမှ လုပ်စရာလား။ ကိုယ်ကိုယ်တိုင်ပဲ သမိုင်းကို ပြန်လေ့လာလိုက်ဦး
မည်သူကမျှ သူ့ကို မဆလပါတီ မထွက်ခိုင်းဘဲနှင့်၊ နိုင်ငံရေးတောင်းဆိုမှု မတောင်းဘဲနှင့် သူကိုယ်တိုင်က ပါတီစုံကြိုက်သလား ဟု စလိုက်သည်။

ဦးနေ၀င်းသည် 1962 အာဏာရသည့်အချိန်ကစပြီး အရေးအခင်းအားလုံးကို စေ့စပ်လိုက်လျှောခြင်း လုံးဝ မလုပ်ဘဲ၊ လက်နက်နှင့်သာ ရှင်းခဲ့သည်။ နိုင်ငံရေးမတောင်းဆိုဘဲ လစာနှင့်ဆန်ကိုသာ တောင်းဆိုသော 1976 အလုပ်သမားအရေးအခင်းကိုပင် လက်နက်နှင့်ရှင်းခဲ့သည်။ အလျှော့ပေးစေ့စပ်သည်ဆိုသည်မှာ သူ့အတွက် လုံးဝထုံးစံမရှိခဲ့ပါ။ မည်သည့် အရေးအခင်းကို မဆို ကြာရှည်လှုပ်ရှားခွင့်မပေးပါ။ ခွင့်ပြုလျှင် လူအုပ်ကြီး ကြီးလာမည်ဖြစ်သောကြောင့်- ၁၄၄-ထုတ်ပြီး၊ အင်အားသုံး ရှင်းပစ်လေ့ရှိသည်။ ယခု ပါတီစုံကြိုက်သလား...ဟုမေးပြီး လူအုပ်ကြီးမှ ကျယ်ပြန့်လာရန် အချိန်ပေးခဲ့သည်ကို ထောက်ခြင်းအားဖြင့် ပါတီကိုဖျက်ချင်၍ အချိန်ပေးခဲ့ခြင်းသာဖြစ်ပါသည်။

မည်သူကမျှ မတောင်းဆိုဘဲ အဘယ်ကြောင့် ပါတီစုံ ကြိုက်သလားဟု လမ်းခင်းပေးရပါသနည်း။ ဦးနေ၀င်းသည် လူထုလှုပ်ရှားမှုကြီးဖြစ်ပေါ်လာစေရန် ဦးအောင်ကြီးနှင့်တိုင်ပင်ပြီး-ြို 21-7-1987တွင် လူထုကြားသို့ဖြန့်စေခဲ့သည်။

သဘောထား ကွဲလွဲတာကို တိတိကျကျ ထောက်ပြပြီး ယဉ်ကျေးစွာ ဆွေးနွေးခြင်း
to be a good blogger,before u put ur comment,please discuss with the old people those have politice knowledge,then put a comment to get good impression.
မဆလ လွှတ်တော်က မဲခွဲဆုံးဖြတ်တာ မဖြတ်တာ စိတ်မ၀င်စားစရာ မရှိပါဘူး။

Nge Naing,Khin Min Zaw
http://popularmyanmar.com/mpaper/?p=15564
Please read this.this is the true story of 8888.

http://popularmyanmar.com/mpaper/?p=15052
Learn the history.
ဘဘပြောပုံအရဆိုရင် ဗိုလ်နေဝင်းကမြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ကို စမ်းလုပ်ကြည့်မယ်။ စမ်းကြည့်ပြီးတော့ မဖြစ်နိုင်ဘူး ဆိုရင် ပြန်ပြောင်းမယ်ပေါ့။
အဲဒါပဲ။ သူ့ဟာသူ ပြောင်းပစ် တာလေ။ ဦးနေဝင်းက မင်းတို့ တစ်ပါတီကြိုက်သလား၊ ပါတီစုံကြိုက်သလား ပြောတယ်လေ။ သူအဲဒီလို လမ်းဖွင့်ပေး လိုက်လို့ အရေးအခင်း ကြီးပေါ်တာပေါ့။ ဇွတ်အတင်းကိုင် ထားရင်လည်း ဘာမှမတတ်နိုင်ဘူးနော်။ စဉ်းစားကြည့်လေ။

http://popularmyanmar.com/mpaper/?cat=11
Learn the history

101(B) အ ခန်း ရယ်.... ဩဘာ လမ်းရယ်.... BPI ကားမှတ်တိုင်ရယ် ...BLOCK အဆောင် ကြီးတွေရယ် ....ဒါတွေအားလုံး ဟာ ကျနော့အတွက် စိတ်ဒဏ်ရာ ဒဏ် ချက်တွေပါ.... အောင်မြင် တဲ့ ၁၉၉၆ ဆန္ဒ ပြမှု ကြီးက RIT ကို အစိတ်စိတ် အမွှာမွှာ ကွဲ သွားစေတဲ့ အဓိက တရားခံပါ ပဲ..... မှားသွားတာက မူရင်းတောင်းဆိုချက် တွေ မှာ အပိုဖြည့်ဆွက် တွေပါသွားတာပဲ.... ဒါကြောင့် master mind တွေ brain wash လုပ်ခံထိသွားတာပေါ့......

BY THE WAY မတ်လတမ်းချင်း ကဗျာ က ဒူးယား ဆောင် အဆောင်မှူး ဦးဝင်းမြင့် ဆီမှာ ဖတ်ဖူးတယ် ဆရာ တစ်ယောက် ရေးတာပဲ လို့ ပြောဖူးတယ်

1996 လှည်းတန်း မီးပွိုင့်က အဖြစ်အပျက် ကို မေ့မရနိုင်ပါ ။ အင်းလေးဆောင် အခန်း ၃၅၂ ကတော့ ----------